ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် စာရေးဆရာတချို့ကို ဖိတ်ကြား

By ဇော်ရဲသွေး/Myanmar Now
18 December 2018
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် စာရေးဆရာတချို့ကို ဖိတ်ကြား
  ဒီဇင်ဘာ ၈ ရက်နေ့ကရန်ကုန်တွင် တွေ့ရသောရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ် စာအုပ်စျေး (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

နေပြည်တော်တွင် လာမည့်ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကလောင်ရှင် ၆ဝ ခန့် တွေ့ဆုံမည့် အစီအစဉ် ရှိနေသည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရန်အတွက် စာရေးဆရာ  ၆ဝ ခန့်ကိုနေပြည်တော်သို့ ဖိတ်ခေါ်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်အောင်က ယနေ့ ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စာရေးဆရာတို့ကို ညစာစားပွဲဖြင့် ဧည့်ခံပြီးမိတ်ဆက်၊ တွေ့ဆုံသွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

ဖိတ်ကြားခံရသူများထဲတွင် အနယ်နယ်အရပ်ရပ်သို့ သွားရောက်ပြီးစာပေရေးရာ၊ နိုင်ငံရေးရာများဟောပြောလေ့ရှိသူတို့ ပါဝင်နေကြောင်းတွေ့ရသည်။  

တွေ့ဆုံပွဲအကြောင်းအသေးစိတ် မသိရှိရသေးဟုဖိတ်ကြားခံထားရသူတချို့ကပြောရာ ၎င်းတို့အထဲတွင် ထိပ်တန်းကာတွန်းဆရာအော်ပီကျယ်လည်းပါဝင်သည်။

“ဘာကြောင့်ဖိတ်မှန်းကိုမသိရဘူး။ ဘာခေါင်းစဉ်နဲ့ ဖိတ်မှန်းကိုမသိဘူး။ အဲ့ဒီညစားစားပွဲအနေနဲ့ပဲဖိတ်ထားတာ”ဟု မြန်မာနိုင်ငံကာတွန်းဆရာများအသင်းဥက္ကဋ္ဌ အော်ပီကျယ်ကပြောသည်။
စာရေးဆရာထင်လင်းဦးကလည်း အလားတူပြောကြားသည်။  

စာရေးဆရာမောင်သာချိုကမူစာပေဟောပြောပွဲများအတွက် ကြိုတင်စီစဉ်ထားပြီး ဖြစ်သောကြောင့် နေပြည်တော်သို့ သွားရောက်နိုင်မည်မဟုတ်ဟုဆိုသည်။
စာရေးသူအများအပြားထဲမှ ရွေးချယ်ဖိတ်ခေါ်မှုအတွက် နားလည်ရန် ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့လည်းကလောင်ငယ်လေးတွေပါတယ်၊တချို့လည်းစာပေအရသိပ်ပြီးတော့ တန်းမဝင်ပေမယ့် ပါတယ်။ တချို့လည်းစာပေအရလည်းတန်းဝင်တယ်၊ နာမည်လည်းရှိပါလျက်နဲ့  ကျန်ခဲ့တဲ့အခါကျတော့ … မရွေးချယ်တတ်လို့ကျန်တာလား၊ တမင်တကာပဲဖယ်တာလားဆိုတာတော့ ကျွန်တော့်တို့ မသိနိုင်တဲ့အရာပေါ့။

ဘယ်သူကတာဝန်ယူပြီးဖိတ်မှန်းလည်းမသိဘူးလေ”ဟုဆရာမောင်သာချိုကပြောသည်။

“ကျွန်တော် ရမ်းသန်းပြီးခန့်မှန်းတာပေါ့ဗျာ …  စာဖတ်ရှိန် မြှင့်တင်ချင်လို့လုပ်တာပဲလား၊ ဒါမှမဟုတ်ဗျာလာမယ့် ရွေးကောက်ပွဲအတွက် မျှော်လင့်ပြီးတော့ … စာရေးဆရာတွေကဒီမိုကရေစီဘက်တော်သားတွေ အဖြစ် ပြန်ပြီးတော့ အားပေးကြဖို့ လုပ်ချင်တာလားဆိုတာတော့ အခမ်းအနားပြီးမှပဲသိရမယ်”
စာဆိုတော်လ
ထင်ရှားသောကလောင်ရှင် တစ်ဦးဖြစ်သည့် စာရေးဆရာမနုနုရည် (အင်းဝ) ကိုယနေ့ ဆက်သွယ် မေးမြန်းရာ ၎င်းက နတ်တော်လဆန်း ၁၂ ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံပွဲသို့ ဖိတ်ကြားခံရခြင်းမရှိသေးကြောင်းပြောသည်။

 “ဒီရာသီကစာဆိုတော်လရာသီ ဖြစ်တဲ့အတွက် စာပေဟောပြောပွဲတွေ သွားနေရတယ်။ အဲ့ဒီ ၁၉ ရက်နေ့မှာလည်းဟောပြောပွဲကရှိနေတဲ့အခါကျတော့ အဲ့ဒီစာပေဟောပြောပွဲကိုဖျက်ပြီးတဲ့အခါကျတော့ ဘယ်သူနဲ့မှ ကျွန်မတို့ကသွားမတွေ့နိုင်ဘူး။ ဖိတ်ခဲ့ရင်လည်း ကျွန်မမသွားဘူး။ စာဖတ်ပရိသတ်မျက်နာပဲ ကြည့်ရမယ်လို့ ကျွန်မကတော့ အဲ့ဒီလိုပဲသဘောထားတယ်”ဟုနုနုရည် (အင်းဝ) က ဆိုသည်။

မြန်မာပြည်တွင် နတ်တော်လကိုစာဆိုတော်လအဖြစ် ဒုတိယကမ္ဘာစစ်အတွင်းကပင် သတ်မှတ်ခဲ့ကြပြီးစာပေဟောပြောပွဲ၊ ပြဇာတ် စသည့် စာပေရေးရာလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ခေတ်တွင်မူစာပေဟောပြောပွဲများကိုအခြားသောကာလများတွင်လည်း ပြုလုပ်နေကြသည်ကိုတွေ့ရသည်။

ပြည်ပရောက် မြန်မာပြည်သားတို့ကလည်းအထင်ကရကလောင်ရှင် တချို့ကိုဖိတ်ခေါ်ပြီး  နိုင်ငံတကာမြို့ကြီးများတွင်လည်းစာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိသည်။
##

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly