ဆီးရီးယားသမ္မတ အာဆတ် ဆက်ရှိနေသင့်ဟု အီရန်သမ္မတ ရိုဟန်နီပြောကြား

ဆီးရီးယားသမ္မတ အာဆတ် ဆက်ရှိနေသင့်ဟု အီရန်သမ္မတ ရိုဟန်နီပြောကြား

နယူးယောက်၊ စက်တင်ဘာ-၂၈ ။                    ။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် ဆက်ရှိနေရန် နိုင်ငံအတော်များများက သဘောတူကြကြောင်း အီရန်သမ္မတ ဟာဆန် ရိုဟန်နီက   ပြောကြားခဲ့သည်။

သမ္မတ အာဆတ် ဆက်ရှိနေရမယ်ဆိုတာကို လူတိုင်းက လက်ခံကြပါတယ်ဟု ရိုဟန်နီက စက်တင်ဘာလ ၂၇ရက်နေ့က စီအင်အင်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဆီးရီးယားတွင် အရင်ဆုံးလုပ်ရမည့်အလုပ်မှာ အိုင်အက်စ်အကြမ်းဖက်သမားများကို မောင်းထုတ်ရန်ဖြစ်ရာ ထိုအလုပ်ကို ဗဟိုအစိုးရအား အားကောင်းခိုင်မာလာအောင် ဝန်းရံပေးခြင်းဖြင့်သာလျှင် ပြီးမြောက်နိုင်သည်ဟု ရိုဟန်နီက ပြောကြားခဲ့သည်။

ဆီးရီးယားတွင် အကြမ်းဖက်သမားများကို တိုက်ဖျက်ရာတွင် အောင်မြင်မှုရပြီးမှသာ အတိုက်အခံများ၏ အသံကို နားထောင်ခြင်းကဲ့သို့သော အခြားအစီအစဉ်များကို အကောင်အထည် ဖော်ရလိမ့်မည်ဟုလည်း ရိုဟန်နီက ထပ်လောင်း ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ၂၀၁၁ခုနှစ် မတ်လကတည်းက စတင်ခဲ့သည့် နိုင်ငံခြား ကျောထောက်နောက်ခံပြု စစ်ပွဲများတွင် လူပေါင်း ၂၅၀၀၀၀ခန့် သေဆုံးခဲ့ရပြီဖြစ်သည်။

ဆက်လက်ပြီး သမ္မတ ရိုဟန်နီက ဆီးရီးယားစစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးပွဲများတွင် အီရန် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း၊ အီရန်နှင့် အမေရိကန်ပြည်ထောင်စုမှာ ဆီးရီးယားအရေးအပေါ် တိုက်ရိုက်စကားပြောခြင်းမရှိခဲ့ဖူးကြောင်းလည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly