ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ မဲခွဲ၊ မန်ယူနှင့် ပီအက်ဂျီ တို့ထိပ်တိုက်တွေ့ဆုံ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ မဲခွဲ၊ မန်ယူနှင့် ပီအက်ဂျီ တို့ထိပ်တိုက်တွေ့ဆုံ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ။         ။ ဥရောပ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကစားမည့်ပွဲစဉ်များအား ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက မဲနှိုက် ဆုံးဖြတ်ခဲ့ရာ ရီးရဲမက်ဒရစ် ၊ မန်စီးတီး စသည့်အသင်းများ ပွဲစဉ်ချောင်ခဲ့သော်လည်း မန်ယူ၊ လီဗာပူး၊ ဂျူဗင်တပ်စ် အသင်းတို့မှာ ပွဲစဉ်အနေအထားအရ ရုန်းကန်ရမည်ဖြစ်သည်။

မဲနှိုက်ခဲ့သည့် ပွဲစဉ်များအရ ရှော်ကေး နှင့် မန်စီးတီး ၊ အက်သလက်တီကို နှင့် ဂျူဗင်တပ်စ် ၊ မန်ယူနှင့် ပီအက်ဂျီ ၊ စပါးနှင့် ဒေါ့မွန်၊ လိုင်ယွန် နှင့် ဘာစီလိုနာ ၊ ရိုးမား နှင် ့ ပေါ်တို ၊ အေဂျက်စ် နှင့် ရီးရဲမက်ဒရစ် ၊ လီဗာပူး နှင့် ဘိုင်ယန်မြူးနစ် အသင်း တို့ ယှဉ်ပြိင်ကစားရမည်ဖြစ်သည်။

လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ်အနေဖြင့် အေဂျက်အသင်းဖြင့်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ကွာတားအဆင့်သို့ တက်ရောက်နိုင်မည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း ပြိုင်ဘက် ဘာစီလိုနာအသင်းမူ ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်းနှင့် ခဲခဲယှဉ်းယှဉ်း ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

အင်္ဂလန်ကိုယ်စားပြုအသင်းများအနက် ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် မန်စီးတီး အသင်းသည် ရှော်ကေးအသင်းနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် ပွဲစဉ်ချောင်ပြီး ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသည့် မန်ယူအသင်းသည် ပီအက်ဂျီအသင်းနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် နည်းပြမော်ရင်ဟိုအတွက် ဖိအားများ ထပ်မံ ရင်ဆိုင် ရဖွယ်ရှိနေသည်။

ချန်ပီယံလိဂ်ဖလား ငါးကြိမ်ရရှိထားပြီး လက်ရှိတွင် ခြေစွမ်းပြနေသည့် လီဗာပူးအသင်းသည် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များကို ပထမအကျော့အဖြစ်  ဖေဖော်ဝါရီ ၁၂၊ ၁၃ နှင့် ဖေဖော်ဝါရီ ၁၉၊ ၂၀ တို့တွင် ကစားသွားမည်ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များအား မတ်လ ၅၊ ၆ နှင့် မတ်လ ၁၂ ၊ ၁၃တို့တွင် ကစားသွားမည်ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly