လုပ်ငန်းလိုင်စင်ချပေးရန် မြိတ်ဂွေးငါးပိလုပ်ငန်း လုပ်ကိုင်သူများ လိုလားနေ

လုပ်ငန်းလိုင်စင်ချပေးရန် မြိတ်ဂွေးငါးပိလုပ်ငန်း လုပ်ကိုင်သူများ လိုလားနေ
ဓာတ်ပုံ-ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဒီဇင်ဘာ ၁၇ ။            ။ မြိတ်မြို့၊ မြိတ်တောင် ကျေးရွာအုပ်စု တောထွင်ကြီးကျေးရွာရှိ ဒေသခံ ပြည်သူများသည်၊ မြိတ်ဒေသထွက်ကုန် ဖြစ်သော ဂွေးငါးပိလုပ်ငန်းနှင့်ပတ်သက်၍ ငါးဦးစီးဌာနမှ လုပ်ငန်းလိုင်စင်များကို  ချပေးရန် လိုလားနေကြောင်း သိရသည်။

ယောကြီးဝချောင်း တစ်ဖက်ကမ်းရှိ တောထွင်ကြီးကျေးရွာနေ ဒေသခံ တစ်ရွာလုံးနီးပါးက မြိတ်ဒေသထွက် ဂွေးငါးပိလုပ်ငန်းကို လုပ်ကိုင်နေသူများ ဖြစ်ပြီး၊ ၎င်းလုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့ လုပ်ငန်းလိုင်စင်ချပေးရန် တောင်းဆိုထားသော်လည်း ၁ နှစ်ကျော်အကြာအထိ ထူးခြားမှုမရှိသေးကြောင််း သိရသည်။

တောထွင်ကြီးကျေးနေ ဂွေးငါးပိလုပ်ငန်းလုပ်ကိုင်နေသူ ဦးညီညီထွေးက “ ကျွန်တော်တို့ရွာမှာ အားလုံးက ဒီလုပ်ငန်းကို လုပ်နေကြတော့ မိရိုးဖလာလုပ်ငန်းတစ်ခုလိုမျိုး ဖြစ်နေပါပြီး၊ အဓိက က လုပ်ငန်းလိုင်စင်ကို လိုအပ်နေတာက နိုင်ငံတော်ကို ပြည်သူတစ်ယောက်အနေနဲ့ အခွန်ငွေ ပေးသွင်းချင်ပါတယ်၊ နောက်ပြီး အခုနောက်ပိုင်း မြစ်ထဲမှာ စက်လှေကြီး/ ငါးဖမ်းလှေတွေ ဖြတ်သန်းသွားလာတာများတော့ ဂွေးဖောင်တွေ မကြာခဏ ထိခိုက်ပျက်စီးမှုတွေ ရှိလာတယ်၊ အဲ့ဒီအခါကျရင် လျှော်ကြေး၊ နစ်နာကြေးတွေ တောင်းဆိုဖို့ ခက်ခဲပါတယ်၊ ဒီအတွက်ကြောင့် လုပ်ငန်းလိုင်စင် ရှိရင်တော့ ပြန်တောင်းဖို့ အခွင့်အရေး ရှိတယ်”ဟု ပြောသည်။

ဂွေးကောင်( ပုစွန်ကဲ့သို့ ရေနေအကောင်လှေးတစ်မျိုး) ကို ဖမ်းဆီးသည့် ၀ါးဖောင်ကို မြစ်ထဲ၌ ရေတက် ရေကျအချိန်အထိ ချထားခြင်း ဖြစ်ပြီး မြစ်အတွင်း သဲစုပ်လှေများ၊ ငါးဖမ်းစက်လှေ ရေယာဉ်ကြီးများနှင့် အခြားစက်လှေများမှ နေ့နှင့်ညပိုင်းတို့တွင် ဖြတ်သန်းသွားလာမှု များပြားနေခြင်းကြောင့် ၀ါးဖောင်များကို တိုက်မိခြင်း၊ ဂွေးကောင်များကို သယ်ယူသည့်အခါ လှေငယ်များကို မကြာခဏ တိုက်မိခြင်းများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

“ညဖက်တွေမှာ ဂွေးဖောင်တွေကို လှေကြီးတွေနဲ့ တိုက်မိရင် လျှော်ကြေးတောင်းရင် လုပ်ငန်းလိုင်စင် ရှိလားလို့ အပြောခံရပါတယ်၊ လိုင်စင်ရှိမှ လျှော်ပေးနိုင်မယ်၊ တချို့စက်လှေတွေဆိုရင် မောင်းပြေးတာ ရှိပါတယ်၊ တခါတလေတော့ ရွာသားတွေ ထွက်လိုက်ရင် လျှော်ပေးတဲ့အခါ ရှိပါတယ်၊ အဲ့ဒါကြောင့် ဒေသခံတွေ နားမလည်တော့ မကြာခဏ နစ်နာမှုတွေ ဖြစ်နေပါတယ်၊ ဖြစ်နိုင်ရင်တော့ ငါးဦးစီးက လုပ်ငန်းလိုင်စင်လေး ချပေးထားရင် ဒေသခံတွေအတွက် စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်လို့ ရမှာဖြစ်တယ်”ဟု တောထွင်ကြီးကျေးရွာနေ ဂွေးငါးပိလုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်သန်းသန်းဝါးက ပြောဆိုသည်။

မြိတ်ဒေသထွက် ဂွေးငါးပိလုပ်ငန်းသည်၊ နာမည်ကြီးထွက်ကုန်တစ်မျိုး ဖြစ်ပြီး၊ ယင်းလုပ်ငန်းမှာ တောထွင်ကြီး ကျေးရွာ၊ ရေမြစ်ကြီး ကျေးရွာ၊ ကျောက်ဖျား ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်၊ သစ်ယာဝကျေးရွာနှင့် မောင်းလော်ကျေးရွာ စသည့် ကျေးရွာများက အများဆုံး ထွက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly