ယခု ဘဏ္ဍာနှစ်မှ စတင်ကာ အေးခဲခြောက် မြွေဆိပ်ဖြေဆေးများ စတင်ထုတ်လုပ်မည်

ယခု ဘဏ္ဍာနှစ်မှ စတင်ကာ အေးခဲခြောက် မြွေဆိပ်ဖြေဆေးများ စတင်ထုတ်လုပ်မည်

နေပြည်တော်(ဒီဇင်ဘာ ၁ရရက်၊ ၂၀၁၈ခုနှစ်)။     ။ ပြည်တွင်းထုတ် မြွေဆိပ်ဖြေဆေးများကို ယခင်ကထုတ်လုပ် ခဲ့သည့် အရည်ပုံစံအစား သာမန်အခန်းအပူချိန်တွင် ထားရှိနိုင်မည့် အေးခဲခြောက် မြွေဆိပ်ဖြေဆေးများကို ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ယခုဘဏ္ဍာနှစ်မှ စတင်ကာထုတ််လုပ်သွားမည်ဟု စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ပြောဆိုလိုက်သည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ မြွေကိုက်ခံရတဲ့ လူနာများကို အချိန်မီ အသက်ကယ်တင်နိုင်ရေးအတွက် မြွေဆိပ်ဖြေဆေး အေးခဲခြောက်များကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ချိုက ပြောသည်။

အဆိုပါ အေးခဲခြောက် မြွေဆိပ်ဖြေဆေးသည် သာမန် အခန်းအပူချိန်တွင် ထားရှိနိုင်သည့်အတွက် မြွေကိုက်မှုနှုန်း မြင့်မားသည့် ပြည်နယ်နှင့်တိုင်းများရှိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများတွင် အလွယ်တကူ ထားရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မှာယူထားသောကြောင့် ယခု ဘဏ္ဍာနှစ်အတွင်း အေးခဲခြောက် မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၁၃၀,၀၀၀ ထုတ်လုပ်သွားမည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှု အခြေအနေများ အပါအဝင် မြွေဆိပ်ဖြေဆေးများကို ပြည်ပသို့ တင်ပို့ ရောင်းချရန် လျာထားချက်များနှင့် ဈေးကွက်အခြေအနေများအား သိလိုကြောင်း လှိုင်းဘွဲ့မြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ် ဦးခင်ချိုက ဒီဇင်ဘာ ၁ရရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုအပေါ် စက်မှုဝန်ကြီးက အထက်ပါအတိုင်း လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်မှ ၂၀၁ရခုနှစ်အထိ ငါးနှစ်အတွင်း မြွေကိုက်ခံရသည့် လူနာဦးရေ ၇၆,၈၁၂ ဦး ရှိခဲ့ရာ ကုသပေးနိုင်မှုဦးရေ ၇၄,၀၈၉ဦးနှင့် သေဆုံးသူဦးရေ ၂,၇၂၃ဦး ရှိခဲ့သည်။

ဆေးဝါးစက်ရုံ(အင်းစိန်) အနေဖြင့် ၂၀၁၆ခုနှစ် မတိုင်ခင်က မြွေဆိပ်ဖြေဆေးများကို ပြည်တွင်းအတွက်ပင် လုံလောက်အောင် ထုတ်လုပ်ပေးနိုင်ခြင်း မရှိခဲ့သော်လည်း ဩစတြေးလျနိုင်ငံ၏ နည်းပညာအကူအညီဖြင့် လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်ထက်ပင် ပိုလျှံနေ၍ မြွေဆိပ်ဖြေဆေးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ နေပြီဖြစ်ကြောင်းလည်း ဝန်ကြီး ဦးခင်မောင်ချိုက လွှတ်တော်တွင် ပြောသည်။

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို မြွေဆိပ်ဖြေဆေး အလုံး ၅၀၀ စမ်းသပ် တင်ပို့ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာလည်း မြွေဆိပ်ဖြေဆေး အလုံး ၅,၀၀၀ ခန့် ထပ်မံ တင်ပို့နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဆေးဝါးများကို တိုင်းနှင့်ပြည်နယ်အလိုက် ခွဲတမ်းချပေးသည့်အတွက် နေရာအချို့တွင် ဆေးဝါးများ မလိုအပ်ဘဲ ပိုလျှံနေမှုများ ရှိနေပြီး တစ်ကယ် လိုအပ်သည့် နေရာတွင်မူ လုံလောက်မှု မရှိသည့် အခြေအနေတွင် ရှိနေကြောင်း လွှတ်တော်အမတ် ဦးခင်ချိုက ထောက်ပြသည်။

“တစ်ကယ် လိုအပ်မယ့်နေရာကို များများ ပေးရမယ်။ မလိုအပ်တဲ့နေရာတွေမှာ ဆေးတွေ သွားပိုနေတာတွေ ရှိတယ်။ တချို့နေရာတွေဆိုရင် ဥပမာ- ငှက်ဖျား ဖြစ်တဲ့နေရာမှာ ငှက်ဖျားဆေး မရှိဘူး” ဟု ဦးခင်ချိုက လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများကို ပြောသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် မြွေကိုက်ခံရသည့် လူနာများကို အထိရောက်ဆုံး ကုသပေးနိုင်ရန် မြွေဆိပ်ဖြေဆေးများကို ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဝယ်လိုအားအပေါ် မူတည်ပြီး တစ်နှစ်လျှင် အလုံးရေ နှစ်သိန်းမှ သုံးသိန်းအထိ ထုတ်လုပ်ဖြန့်ဖြူးရန် လျာထားကြောင်း သိရသည်။

မြေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင် ရှေးဦးစွာ မြွေဆိပ်ကို ထုတ်ယူပြီးနောက် မြွေဆိပ်ယဉ်ပါးတိရိစ္ဆာန်အဖြစ် မြင်း၏ သွေးအတွင်းသို့ ကနဦး ထုတ်ယူထားသည့် မြွေဆိပ်ကို ခုခံနိုင်စွမ်းရှိသည့် အခြေအနေအထိ အဆင့်ဆင့် ထိုးသွင်းရကြောင်း ထို့နောက် မြင်း၏ သွေးရည်ကြည်မှ မြွေဆိပ်ဖြေဆေး ရရှိရေးအတွက် ပြုပြင် ထုတ်လုပ် ရခြင်း ဖြစ်သောကြောင့် မြွေဆိပ်ထိုးသွင်းသည့်ဒဏ်ကို ခံနိုင်ရည်ရှိစေရန် ကျန်းမာသန်စွမ်းသည့် မြင်းများ ကိုသာ အသုံးပြုရကြောင်း သိရသည်။

သို့သော် ထုတ်လုပ်မှု နည်းပညာ လိုအပ်ချက်ရှိခြင်း၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင် အဓိက လိုအပ်သည့် မြင်းများကို လုံလောက်စွာ ဝယ်ယူရရှိမှု မရှိခြင်း၊ မြွေဆိပ် ထိုးသွင်းဒဏ်ကြောင့် မြင်းသေဆုံးမှုနှုန်း အလွန် မြင့်မားခဲ့ခြင်းနှင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်သည့် စက်များမှာ ခေတ်မမီတော့ခြင်းကြောင့် ၂၀၁၆ခုနှစ် မတိုင်မီ ကာလအထိ ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် မြွေဆိပ်ဖြေဆေးကို ပြည်တွင်းအတွက်ပင် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ခြင်း မရှိခဲ့ပေ။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ လေးနှစ်တာ ကာလအတွင်း မြွေဆိပ် ဖြေဆေး အလုံးရေ ၁၇၁,၅၀၀ ခန့် ထုတ်လုပ်ခဲ့ရာတွင် မြင်းအကောင်ရေ ၁,၅၀၀ ကျော် သေဆုံးခဲ့ရသည်။

၂၀၁၂-၂၀၁၃ခုနှစ်က ဩစတြေးလျနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကဏ္ဍတွင် အကူအညီများပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးချက်များအရ ဩစတြေးလျနိုင်ငံ၏ နည်းပညာအကူအညီများ ရရှိခဲ့ပြီး ဘရာဇီးလ်နိုင်ငံမှလည်း ပူးပေါင်းဆောင်ရွက် ခဲ့သောကြောင့် လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံအောင် ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly