ယူ-၂၀ ကစားသမားနှစ်ဦးကို သုံးနှစ် (သို့) ငါးနှစ်အထိ သက်တမ်းတိုးရန် ဧရာဝတီအသင်း စီစဉ်

ယူ-၂၀ ကစားသမားနှစ်ဦးကို သုံးနှစ် (သို့) ငါးနှစ်အထိ သက်တမ်းတိုးရန် ဧရာဝတီအသင်း စီစဉ်
ဧရာဝတီအသင်းမှ မြန်မာယူ-၂၀ ကစားသမားများဖြစ်သည့် ထိုက်ထိုက်အောင်နှင့် ကျော်မင်းဦး (ဓါတ်ပုံ ရွှေဘုတ်)

စက်တင်ဘာ ၂၈၊ ရန်ကုန်။                   ။ မြန်မာနေရှင်နယ်လိဂ် ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီအတွက် အသင်းမှ ယူ-၂၀ လက်ရွေးစင်ကစားသမား   နှစ်ဦးကို သုံးနှစ် (သို့) ငါးနှစ် အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်ထားသည် ဟု ဧရာဝတီအသင်းပိုင်ရှင် ဦးမင်းလှိုင်က ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲ အပြီးတွင် ပြောသည်။

ဧရာဝတီအသင်းသည် ယခုနှစ် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် ရတနာပုံအသင်းကို ၂-၁ ဖြင့် အနိုင်ရကာ ရှုံးထွက်ဖလား သုံးကြိမ်ထိ ဗိုလ်စွဲနိုင်ခဲ့သည့် အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် လက်ရှိ၌ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းမှ ကစားသမားနှစ်ဦးအဖြစ် ကွင်းလယ်လူ ကျော်မင်းဦးနှင့် နောက်ခံလူ ထိုက်ထိုက်အောင်တို့ ပါဝင် ကစားလျက်ရှိသည်။

“ ကျွန်တော်တို့အသင်းက ယူ-၂၀ ကစားသမားတွေက လာမယ့် ဒီဇင်ဘာကုန်ရင် စာချုပ်သက်တမ်းပြည့်ပါပြီ။ ဒါပေမယ့် ဒီကစားသမားတွေကို နှစ်နှစ်လောက်အသင်းက လစာပေးပြီး လက်ရွေးစင်အတွက် သုံးထားလို့ အဖွဲ့ချုပ်က တစ်နှစ်သက်တမ်းထပ်တိုးပေးမယ် လို့ ပြောထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အသင်းအနေနဲ့လည်း သုံးနှစ် (သို့) ငါးနှစ် အထိ သက်တမ်းထပ်တိုးဖို့လည်း စီစဉ်ထားပါတယ်။ တစ်နှစ်အတွင်းမှာ အခြားအသင်းတွေက အဖွဲ့ချုပ်ရဲ့ စည်းကမ်းအတိုင်း ဒီကစားသမားတွေကို ကမ်းလှမ်းခွင့် မရှိပါဘူး ” ဟု ဦးမင်းလှိုင်က ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၈ ကစားပြီးချိန်၌ ဆယ်ပွဲနိုင် သုံးပွဲသရေ လေးပွဲရှုံး ရမှတ် ၃၃ မှတ်ရရှိကာ အမှတ်ပေးဇယား စတုတ္ထ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly