တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ AA တို့၏ တိုက်ပွဲဧရိယာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့အထိ ရောက်ရှိလာ

တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ AA တို့၏ တိုက်ပွဲဧရိယာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့အထိ ရောက်ရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ။          ။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့သည် ပလက်ဝမြို့နှင့် ကုလားတန်မြစ်ကြောင်း တစ်လျှောက် တွင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ ဒီဇင်ဘာလအတွင်း တိုက်ပွဲဧရိယာမှာ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့ အနီး ထိရောက်ရှိ လာခဲ့သည်။

နောက်ဆုံးရရှိထားသည့်သတင်းများအရ ဒီဇင်ဘာလ၁၅ ရက်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ "ခမောင်းရွာအနီး" တွင်လည်းကောင်း၊ ဒီဇင်ဘာ လ ၁၆ ရက်တွင် ရသေ့တောင်မြို့နယ်ရှိ "သောင်းဒရား ကျေးရွာ" နှင့်"ထီးစွဲကျေးရွာ" အကြားတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း AA ဘက်မှ ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများမှာ ချင်းပြည်နယ် ပလက်ဝမြို့နှင့် ကုလားတန်မြစ်ဝှမ်း တစ်လျှောက်သာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအရေအတွက်မှာ ပိုမို စိတ်လာ ခဲ့ခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာလနှင့် နိုဝင်ဘာလ ၂ လအတွင်း တိုက်ပွဲဖြစ်ပွားသည့်အကြိမ်အရေအတွက် အကြိမ် ၂၀ ထက် မနည်းရှိနိုင်ပြီး စစ်ဘေးရှောင်အ ရေအတွက်မှာ ၃၀၀ ခန့်အထိရှိလာပြီလည်းဖြစ်သည်။

တိုက်ပွဲများကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ရွာသူရွာသားအချို့မှာ စစ်ဘေးရှောင်များ အဖြစ် တိမ်းရှောင်နေကြရပြီး တောအတွင်းသို့တိမ်းရှောင်ကာ အဆက်အသွယ် ပြတ်နေသူများလည်း ရှိနေကြောင်း သိရသည်။

ထို့အပြင် တပ်မတော်ဘက်မှ လူအင်အား၊ လက်နက်အင်အားတို့ဖြင့် ထိုးစစ်များကို ခပ်စိပ်စိပ်ပြုလုပ်နေသော ကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဟုလည်း ရက္ခိုင့်အဖွဲ့ (AA) ၏ထုတ်ပြန်ချက်များတွင်ရေးသားထားသည်။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများထံမေးမြန်းရန်ကြိုးပမ်းသော်လည်း ဖုန်းအဆက် အသွယ်မရခဲ့ပေ။

တိုက်ပွဲများမှာ ယခုရက်ပိုင်းအတွင်း ဘူးသီးတောင်(စိုင်းဒင်ချောင်းအနီးအဝိုက်)၊ ရသေ့တောင် (လောရမ တောင်တန်းအနီးတဝိုက်) နှင့် ပုဏ္ဏားကျွန်း မြို့မြောက်ဖက် စသည့်နေရာများ၌ တိုက်ပွဲများမှာနေရာခြား (သို့မဟုတ်) ဆက်တိုက်ရက်ဆက်ဖြစ်ပွားနေဆဲဖြစ်သည်။

အရပ်ဖက်အဖွဲ့တစ်ခုဖြစ်သည့် Myanmar Institute for Peace and Security (MIPS)၏ အစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးတွင် နိုဝင်ဘာလအတွင်း လက်နက်ကိုင်ပဋိပက္ခ ၄၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် ဒီဇင်ဘာလတွင် တိုက်ပွဲအရေအတွက် ပိုလာနိုင်ဖွယ်လည်းရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းထဲတွင်ပင် အပစ်အခတ်လျော့ချပြီးနိုင်ငံရေးအရဆွေးနွေးလိုသည်ဟု “၀” အဖွဲ့ ဦးဆောင်သည့် FPNCC အဖွဲ့ဝင်၊ မြောက်ပိုင်း ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်အဖွဲ့ (AA)၊ ပလောင်အမျိုးသား လွတ် မြောက်ရေး အဖွဲ့(TNLA)နှင့် မြန်မာတိုင်းရင်းသားများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA) တို့ ၃ဖွဲ့ကထုတ်ပြန် ခဲ့သေးသည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required