မြန်မာ ယူ-၁၉ ကစားသမား ရှစ်ဦး ၀မ်းပျက်ဝမ်းလျော ရောဂါ ဖြစ်

မြန်မာ ယူ-၁၉ ကစားသမား ရှစ်ဦး ၀မ်းပျက်ဝမ်းလျော ရောဂါ ဖြစ်
အာရှခြေစစ်ပွဲအတွက်ပြင်ဆင်နေသည့် မြန်မာလက်ရွေးစင်ယူ-၁၉ အသင်း (ဓါတ်ပုံ MFF)

စက်တင်ဘာ ၂၈၊ ရန်ကုန်။ ။                   ။ အာရှခြေစစ်ပွဲယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတွင် ကစားသမား ရှစ်ဦး ဝမ်းပျက်ဝမ်းလျော ရောဂါ ခံစားနေရသည် ဟု မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာ ယူ-၁၉ အသင်းသည် လက်ရှိတွင် အဆိုပါ ဝမ်းပျက်ဝမ်းလျောဖြစ်နေသည့် ကစားသမား ရှစ်ဦးအပြင် အသင်းခေါင်းဆောင် ရဲရင့်အောင်နှင့် စိုးမိုးထွန်း တို့မှာလည်း ဒဏ်ရာရရှိလျက်ရှိပြီး ဘရူနိုင်း ယူ-၁၉ အသင်းနှင့် အဖွင့်ပွဲ ပါဝင်ပွဲထွက်ခွင့်ရရန် မသေချာသေးပေ။

“ အသင်းမှာ ကစားသမား ရှစ်ဦးလောက် ဝမ်းပျက်ဝမ်းလျော ဖြစ်နေပါတယ်။ ဒါ့အပြင် အဓိကနောက်ခံလူတွေဖြစ်တဲ့ ရဲရင့်အောင်နဲ့ စိုးမိုးထွန်းကလည်း ဒဏ်ရာရှိနေပါတယ်။ စိုးမိုးထွန်းကတော့ အဖွင့်ပွဲ ကစားနိုင်ဖို့ များပါတယ်။ ရဲရင့်အောင်ကိုတော့ နည်းနည်း စောင့်ကြည့်ရပါဦးမယ်။ ကစားသမား အင်အားနည်းနေတဲ့အတွက် လေ့ကျင့်ရာမှတော့ အခက်အခဲ နည်းနည်းရှိပါတယ်။ အဖွင့်ပွဲစဉ်အတွက်တော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးပြင်ဆင်သွားမှာပါ ” ဟု ဖရိုင်းဒရစ်က ယူ-၁၉ အသင်းနှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဆ) တွင် ဟောင်ကောင်၊ ဗီယက်နမ်၊ တီမော၊ ဘရူနိုင်း အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး လာမည့် စက်တင်ဘာ ၃၀ ရက် ညနေ ၆း၃၀ တွင် ဘရူနိုင်း ယူ-၁၉ အသင်းနှင့် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly