နေပြည်တော်အမြန်လမ်းပေါ်တွင် FDA ငါးကြီးကိုဖမ်းမိခြင်း

နေပြည်တော်အမြန်လမ်းပေါ်တွင် FDA ငါးကြီးကိုဖမ်းမိခြင်း
ဒီဇင်ဘာ ၁၄ ရက်နေ့က မန္တလေးတိုင်းတရားလွှတ်တော်တွင် တွေ့ရသောအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူး ဒေါက်တာသန်းထွဋ် (ဓာတ်ပုံများ - ခင်နှင်းဝေ/Myanmar Now)

အကြီးအကျယ် လာဘ်စားသည်ဟုစွပ်စွဲခံရသူ FDA ညွှန်ချုပ်ကိုအရေးယူနိုင်မှုသည် တာဝန်သိအရပ်သားတစ်ဦးနှင့် စွန့်စားသည့်အမတ်တစ်ဦးအဝေးပြေးကားပေါ်တွင် ဘေးချင်းယှဉ်ထိုင်မိရာမှ အစပြုခဲ့သည်

နေပြည်တော်ရှိ လွှတ်တော်အမတ်များ နှင့် အခြားဌာနဆိုင်ရာဝန်ထမ်းအများအပြားအဖို့ သောကြာနေ့ညဆိုသည်မှာခရီးထွက်သည့်ညဖြစ်သည်။ ပျင်းရိဖွယ်ကောင်းသည့် နေပြည်တော်မှ ထွက်ပြီးတိုင်းနှင့်ပြည်နယ်အသီးသီးရှိ မိမိတို့မြို့ထံပြန်သူပြန်ကြ။ ဝေးလံသောအရပ်များမှ လာရောက်သူများပင် အိမ်သို့မပြန်နိုင်သော်လည်းရန်ကုန်၊ မန္တလေးအစရှိသည့် မြို့တစ်မြို့သို့ သွားပြီးတနင်္လာမနက် အလုပ်ချိန်မီရန်တနင်္ဂနွေညဘက် နေပြည်တော်သို့ ပြန်လာကြသည်။

၂ဝ၁၇ သြဂုတ်လ ၁၁ ရက် သောကြာညနေလွှတ်တော်အမတ်တစ်ဦး၏ နေပြည်တော်-ရန်ကုန် အမြန်လမ်းခရီးစဉ်တစ်ခုတွင် အစိုးရ၏ အဂတိလိုက်စားမှှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ကအရေးယူခဲ့သည့် ပထမဆုံး“ငါးကြီးကြီး” သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူးဒေါက်တာသန်းထွဋ်ကိုကျပ်သိန်းထောင်ချီ ခြစားမှှုစွပ်စွဲချက်ဖြင့် တရားစွဲနိုင်ရန်အကြောင်းဖန်ခဲ့သည်။

ထိုလွှတ်တော်အမတ်မှာအမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ ပအိုဝ်းတိုင်းရင်းသား၊တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာခွန်ဝင်းသောင်းဖြစ်သည်။

“ဒါမျိုးတွေ ဌာနဆိုင်ရာတွေမှာရှိနေသေးတယ်။ ဒီအမှှုထက်ဆိုးတာတွေလည်းအများကြီးပဲရှိနေတယ်။ ပြောချင်တာကနာလန်မထူပါဘူးဆိုမှ ခိုးတုန်းပဲ” ဟုမိုးမောက်မြို့နယ်တွင် နေထိုင်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကိုယ်စားပြုသည့် ၆၂ နှစ်အရွယ် လွှတ်တော်အမတ်ကဆိုသည်။

FDA  တစ်ရုံး၊ ညွှန်ချုပ်အတွက် အိမ်တစ်လုံး

လူ့အခွင့်အရေးချိုးဖောက်မႈများ၊ အဂတိလိုက်စားမှှုများကို ပြည်သူများကြားကျားကုတ်ကျားခဲလေ့လာပြီးလွှတ်တော်တွင် အဆိုတင်သွင်းတတ်သူပီပီထိုညကအဝေးပြေးကားထဲတွင် ဘေးချင်းယှဉ်လိုက်ပါလာသောကိုင်ရိုဆောက်လုပ်ရေးကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သူနှင့် စကားပြောပြီး ပြည်သူတို့၏အခြေအနေများကိုစနည်းနာရာမှ FDAဌာနအတွင်း ခြစားသည့်ကိစ္စရပ်များကြားသိခဲ့ရသည်။

ကိုင်ရိုကုမ္ပဏီဝန်ထမ်းမှာရန်ကုန်တွင် နေထိုင််သူတစ်ဦးဖြစ်သည်။ ၄င်းက ကုမ္ပဏီသည် FDA ဌာနအတွက် နေပြည်တော်နှင့်အခြားမြို့များတွင် ရုံး ၁၈ လုံးဆောက်လုပ်ပေးခဲ့ကြောင်း၊နိုင်ငံတော်ကအဆောက်အအုံတစ်လုံးအတွက်သိန်း (၁၈,ဝဝဝ) နှုန်းဌာနသို့ ချထားပေးသော်လည်းရုံးတစ်ရုံးဆောက်တိုင်း FDA ညွှန်ချုပ်အတွက် သိန်း ၃,ဝဝဝ မှ ၄,ဝဝဝတန် နေအိမ်တစ်လုံးဆောက်လုပ်ပေးရကြောင်းဒေါက်တာခွန်ဝင်းသောင်းကိုပြောကြားခဲ့သည်။

ဒေါက်တာခွန်ဝင်းသောင်းသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုတွင် ဘဏ္ဍာရေး၊ ဘတ်ဂျက်ကိစ္စရပ်များဆွေးနွေးဖူးသည်။ ထိုဆွေးနွေးမှဳတွင် ပြည်သူ့ဆေးရုံများ အဆောက်အအုံအရည်အသွေးညံ့ဖျင်းမှှုအကြောင်းလည်းပါရှိသည်။

ထို့ကြောင့် ခရီးသွားဖော်ကကျန်းမာရေးဝန်ကြီးဌာနအတွက် အဆောက်အအုံများဆောက်လုပ်သည်ကိုသိရှိသွားသောအခါ သူက“အခုအစိုးရလက်ထက်မှာပညာရေး၊ ကျန်းမားရေးကိစ္စရပ်တွေမှာဘတ်ဂျက်ငွေတွေပိုချပေးနေတော့ ပြည်သူတွေအမှန်တကယ်အကျိုးရှိမှာပေါ့” ဟုမေးခွန်းထုတ်လိုက်သည်။ ထိုမေးခွန်းကြောင့်ခရီးသွားဖော်က “ဆရာထင်သလား” ဟုအစချီပြီးသူ့ကုမ္ပဏီက FDA ညွှန်ချုပ်အတွက်ဆောက်လုပ်ခဲ့ရသည့် ကိစ္စရပ်များကိုဖွင့်ချပြောပြခဲ့ခြင်းဖြစ်သည်။

၄င်းဖွင့်ချသည့်အချက်များထဲတွင် ကိုင်ရိုကုမ္ပဏီက FDA ညွှန်ချုပ်အတွက် ရန်ကုန်တွင် တိုက်တစ်လုံး၊ နေပြည်တော် ရွာသစ်ရှိ ၄င်းပိုင်သော မြေ ၉  ဧကပေါ်တွင် သိန်း (၅,ဝဝဝ) တန် အဆောက်အအုံတစ်လုံး၊ နေပြည်တော် ရွှေကြာပင်ရပ်ကွက်တွင်လည်းသိန်း (၃,ဝဝဝ) တန် အိမ်တစ်လုံးဆောက်လုပ်ပေးခဲ့ကြောင်းပါရှိသည်။

နေပြည်တော်မှ ရန်ကုန်သို့ မန္တလာမင်းဘတ်စ်ကားဖြင့် ည ၉  နာရီခွဲအချိန်တွင် ထွက်ခွာလာခဲ့ကြရ ည ၁၁ နာရီခွဲခန့်တွင် အမြန်လမ်း ၁၁၅ မိုင်ရပ်နားစခန်းသို့ရောက်ရှိသည့်အခါ ဒေါက်တာခွန်ဝင်းသောင်းကသူသည် လွှတ်တော်အမတ်တစ်ဦးဖြစ်ကြောင်း၊ အဆောက်အအုံအရည်အသွေးအားနည်းမှုနှင့် ပတ်သက်ပြီးသူဆွေးနွေးဖူးသည့် လွှတ်တော် ရုပ်သံမှတ်တမ်းကိုဖုန်းတွင် ဖွင့်ပြလိုက်သည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က မန္တလေးတိုင်းတရားလွှတ်တော်တွင် တွေ့ရသောအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူး ဒေါက်တာသန်းထွဋ် (ဓာတ်ပုံများ - ခင်နှင်းဝေ/Myanmar Now)

အကျိုးဆက်အားဖြင့် ကုမ္ပဏီဝန်ထမ်းကအသေးစိတ်အချက်များကိုသူ့ကိုထပ်မံပြောပြသည်။ ရွာသစ်ရှိမြေကိုးဧကပေါ်တွင် နေအိမ်တစ်လုံးအပြင် ရေကူးကန်၊ အုတ်တံတိုင်း၊ ခြံစည်းရိုးတို့ကိုကုမ္ပဏီကဆောက်ပေးခဲ့ရပြီး၊ ထိုအိမ်နှင့် ရွှေကြာပင်ရပ်ကွက်ရှိညွှန်ချုပ်ပိုင်အိမ်များတွင် သိန်း ရဝ မှ ၈ဝတန်ဧည့်ခန်းဆိုဖာခုံများ၊ မီးဖိုဆောင်သုံးအိုးခွက်ပန်းကန်များ၊ မျက်နှာပြင် လက်မ ၆ဝကျော် ရုပ်မြင်သံကြားစက်များ၊အရက်ဘားကောင်တာများထည့်သွင်းပေးခဲ့ရကြောင်းကုမ္ပဏီဝန်ထမ်းကရှင်းပြခဲ့သည်။

FDA ရုံးများကိုအရည်အသွေးလျှော့ပြီးဆောက်လုပ်ရာမှ ပိုထွက်လာသည့်စရိတ်ဖြင့် သိန်းထောင်ချီတန်ကြေးရှိသောနေအိမ်များဖန်တီးပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဒုဝန်ကြီးလောင်းလျာဟုဆို

အဝေးပြေးကားတွင် စကားလျက်ဆုံကျပြီးလေးလခန့်အကြာယခုနှစ်ဇန်နဝါရီလတွင် ဒေါက်တာခွန်ဝင်းသောင်းနှင့် ကုမ္ပဏီဝန်ထမ်းတို့ နေပြည်တော်တွင်တွေ့ဆုံကြပြီးအရည်အသွေးလျှော့ဆောက်ထားသည်ဆိုသည့် FDA အဆောက်အအုံတို့ကိုတိတ်တဆိတ်လိုက်လံကြည့်ရှှုခဲ့ကြသည်။

သူတို့သွားခဲ့သောရုံးမှာနေပြည်တော်စည်ပင်ရိပ်သာနှင့် မြို့မစျေးကြားအမျိုးသားပရဆေးဥယျာဉ်အကျော်မီးပွိုင့်မှယာဘက်လမ်းအတိုင်းချိုးဝင်ပြီးမိနစ်အနည်းငယ် ကားမောင်းလျှင် တွေ့ရသောFDA ရုံးဖြစ်သည်။

“သူပြောပြတာတော့ မိုးထားတဲ့သွပ်ပြားတွေကဂိတ်မပြည့်ဘူး၊ ပါးနေတယ်။ အမိုးဒိုင်းတွေကအမှန်တကယ်ထည့်ရမယ့်အရေအတွက်ထက်လျှော့ထည့်ထားတယ်၊ အဆောက်အအုံကနောက် ၂ နှစ်ဆိုအမိုးတွေပေါက်ပြဲလိမ့်မယ်။ အဆောက်အအုံအမိုးပေါက်လာရင် အကြီးစားပြင်ဆင်ဖို့ အစိုးရဆီစရိတ်တောင်းတင်မယ်” ဟုဒေါက်တာခွန်ဝင်းသောင်းက ပြန်ပြောင်းပြောပြသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က မန္တလေးတိုင်းတရားလွှတ်တော်တွင် သက်သေထွက်ဆိုရန် ရောက်လာသောအမျိုးသားလွှတ်တော်  ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း

ကုမ္ပဏီဝန်ထမ်း၏ ပြောဆိုချက်များကိုအသံဖမ်းပြီးဒေါက်တာခွန်ဝင်းသောင်းကအဂတိလိုက်စားမှှုတိုက်ဖျက်ရေးကော်မရှင်သို့ ယခုနှစ်ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုင်ကြားလိုက်သည်။ မတိုင်ကြားမီ ပြည်ထောင်စုလွှတ်တော်နာယကမန်းဝင်းခိုင်သန်း၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာမြင့်ထွေးတို့ကိုအကြောင်းကြားခဲ့သည်ဟုသူကပြောသည်။ တိုင်ကြားစာကိုထိုစဉ်ကနိုင်ငံတော်သမ္မတဦးထင်ကျော်၊ ယခုသမ္မတဖြစ်လာပြီးထိုအချိန်ကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူထားသူဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ထံမိတ္တူပေးပို့ခဲ့သည်။

ဒေါက်တာသန်းထွဋ်သည် ထိပ်တန်းရာထူးတစ်ခုအတွက် လျာထားခံရဖူးသူဖြစ်သည်ဟုသိရကြောင်းဒေါက်တာခွန်ဝင်းသောင်းကပြောသည်။

“တကယ်တော့ လူကြီးတွေကဒေါက်တာသန်းထွဋ်ဟာအလုပ်အကိုင်ထက်မြက်လို့ဆိုပြီးသူ့ကိုကျန်းမာရေးဝန်ကြီးဌာနမှာဒုဝန်ကြီးနေရာပေးဖို့ စဉ်းစားခဲ့တာတောင်ရှိပါတယ်” ဟုဒေါက်တာခွန်ဝင်းသောင်းကဆိုသည်။

ကော်မရှင်ကဒေါက်တာသန်းထွဋ်သည် ၄င်း၏လုပ်ပိုင်ခွင့်ကိုသုံးစွဲပြီးတင်ဒါအောင်မြင်သည့်ကုမ္ပဏီအားကျပ်သိန်း ၁.၅ဝဝခန့်တန်သည့် အဆောက်အအုံများဆောက်လုပ်ရန် တောင်းခံရယူသဖြင့်   ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခဲ့သည်ဟုဧပြီလတွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုင်စာရပြီးချက်ချင်းဖမ်းဆီးခြင်းမဟုတ်ဘဲစုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုအတွက် ရက်ပေါင်း ၃ဝ ကျော်အတွင်းနေပြည်တော်၊ ရန်ကုန်တို့တွင် ၁၈ ဦးကိုစစ်ဆေးမေးမြန်းပြီးအဂတိလိုက်စားမှုကျူးလွန်ကြောင်းပေါ်ပေါက်သဖြင့်သာအမှုဖွင့်ခြင်းဖြစ်သည်ဟုလည်းကော်မရှင်ကဇွန် ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

တိုင်ကြားချက်တွင် ကိုင်ရိုကုမ္ပဏီဆောက်လုပ်ခွင့်ရသောရန်ကုန် နှလုံးအထူးကုဆေးရုံအကြောင်းပါရှိသော်လည်းကော်မရှင်ကထိုကိစ္စရပ်နှင့်ပတ်သက်၍ အထောက်အထားမတွေ့ရဟုဆိုကာတရားစွဲသည့်အခါ ထိုအချက်ကိုမထည့်ခဲ့ပေ။

ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်ဦးသန်းဇော်ဝင်းကနေပြည်တော် ရွာသစ်နှင့် ရွှေကြာပင်ရပ်ကွက်ရှိဒေါက်တာသန်းထွဋ်ပိုင် မြေကွက်များပေါ်တွင်ဆောက်လုပ်ထားသော အဆောက်အအုံများနှင့် ပတ်သက်သည်တို့ကိုသာ တရားစွဲချက်တွင်ထည့်ထားကြောင်း၊ အမှှုတွင် ကိုင်ရိုဝန်ထမ်းတချို့ကိုတရားလိုသက်သေများအဖြစ်ခေါ်ယူခဲ့ကြောင်း၊ကုမ္ပဏီကိုအရေးယူထားခြင်းမရှိကြောင်းပြောကြားသည်။

“စစ်ဆေးတွေ့ရှိချက်အရကော်မရှင်ရဲ့ အဆုံးအဖြတ်နဲ့ ကျွန်တော်တို့ကစွဲတာပေါ့။ ကျန်တဲ့ဟာတွေမှာကတိုင်ကြားခြင်းမရှိဘူး၊ ပြီးတော့ ကျွန်တော်တို့မှာလည်းအထောက်အထားမရှိဘူး” ဟုသူကဆိုသည်။

စွပ်စွဲခံရသူ၏ ငြင်းဆိုမှု

ညွှန်ကြားမှူးချုပ် ဒေါက်တာသန်းထွဋ်သည် အဂတိတိုက်ဖျက်ရေးကော်မရှင်ကအရေးယူခဲ့သမျှတွင် ရာထူးအမြင့်ဆုံးအရာရှိ ဖြစ်ခဲ့သည်။ သူ့နောက်တွင်မှ ဟာသသရုပ်ဆောင်အောင်ရဲထွေးအမှှုတွင် အဂတိလိုက်စားသည် ဟူသောစွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးစက်တင်ဘာလတွင် အရေးယူခံရသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ကမန္တလေးတိုင်းတရားလွှတ်တော်တွင် ကော်မရှင်ကဒေါက်တာသန်းထွဋ်အား တရားစွဲဆိုထားသောအမှှုရုံးချိန်းတွင် ဒေါက်တာခွန်ဝင်းသောင်းကတရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့သည်။

“FDA ဌာနအတွက် သိန်း ၁၈,ဝဝဝတန်အဆောက်အအုံတစ်ခုကိုတင်ဒါရတဲ့ကုမ္ပဏီကဆောက်ရင် အရည်အသွေးကိုလျှော့ပြီးညွှန်ချုပ်ကိုသိန်းထောင်ချီတန် တိုက်တစ်လုံး၊ အိမ်တစ်လုံးဆောက်ပေးရတယ် ဆိုတာထွက်ဆိုခဲ့ပါတယ်”ဟုဒေါက်တာခွန်ဝင်းသောင်းကပြောသည်။

ထိုနေ့တွင် မန္တလေးအိုးဘိုထောင်မှ တရားရုံးသို့လက်ထိပ်ဖြင့် ရောက်ရှိလာသောဒေါက်တာသန်းထွဋ်ကမူ၄င်းသည် မတော်မတရားစွပ်စွဲခံရထားခြင်းဖြစ်ကြောင်း၊ စွပ်စွဲမှှုကို ပြန်လည်ဖြေရှင်းမည် ဖြစ်ကြောင်းတရားခွင်အထွက်တွင် ပြောကြားသည်။ ယခင်ကလည်းအလားတူပြောဆိုခဲ့ပြီးဖြစ်သည်။

အမှုကိုဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားသူကြီးကချိန်းဆိုလိုက်သည်။

တိုင်စာရပြီးနောက်ပိုင်းစုံစမ်းစစ်ဆေးသည့်အခါ တိုင်ကြားချက်ပါ အချက်အလက်များမှန်ကန်ကြောင်းအဂတိတိုက်ဖျက်ရေးကော်မရှင်ကသမ္မတသစ်ဖြစ်လာသည့် ဦးဝင်းမြင့်ကိုတင်ပြရာသမ္မတကအမြန်ဆုံးအမှုဖွင့်ရန်ညွှန်ကြားခဲ့ကြောင်းသိရှိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly