မိုးအောင်ရင်အတွက် ပြုပြင်ဖို့ အချိန်ပေးစေလိုပါတယ်ဆိုတဲ့ ဖခင်ဖြစ်သူ အောင်ရင်

မိုးအောင်ရင်အတွက် ပြုပြင်ဖို့ အချိန်ပေးစေလိုပါတယ်ဆိုတဲ့ ဖခင်ဖြစ်သူ အောင်ရင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။              ။ မိုးအောင်ရင်အတွက် ပြုပြင်ဖို့ အချိန်ပေးစေချင်ပါတယ် လို့ အဆိုတော်အောင်ရင်က  ပြောခဲ့ပြီး သားဖြစ်သူ မိုးအောင်ရင်ရဲ့ အမှုအပေါ် အယူခံတင်သွားမယ်လို့ ပြောပါတယ်။

“ သူ့အတွက် ပြုပြင်ဖို့ပေါ့ အချိန်ပေးစေချင်ပါတယ်” လို့ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက် ရန်ကုန်မြို့၊ အောကစ်ခ် ဟိုတယ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ အောင်ရင်က ပြောဆိုခဲ့တာပါ။

“ ကျွန်တော်ကတော့ ဖြစ်သွားတဲ့ အပေါ်၊ အမိန့််ချမှတ်လိုက်တဲ့အပေါ် တရားသူကြီးတွေကိုလည်း ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ထပ်ပြီးတော့ အယူခံတင်တဲ့အခါမှာ တိုင်းကို တင်ရမယ် ပြောပါတယ် ။ အဲ့အချိန်ကြရင်တော့ တိုင်းကနေပြီးတော့ ဆုံးဖြတ်ပေးမယ့် တရားသူကြီးတွေက သနားငဲ့ညှာပြီး တော့ ဆင်ခြင်တုံတရားလေးနဲ့ တကယ့်ဥပဒေမှာ ရေးဆွဲထားတာက ဒီလို ပြဌာန်းထားပေမယ့် အခြေအနေနဲ့ အချိန်အခါ သူ့ရဲ့ ဖြစ်စဉ်ပေါ့” လို့ ပြောပါတယ်။

 “  နောက် ကျွန်တော့် သားမလို့ ကျွန်တော် ပြောတာမဟုတ်ဘူး။ အားလုံးလည်း အသိပဲ ဖြစ်တယ်။ သူသည် အခုဖြစ်တဲ့ကိစ္စမှာ ဒီမူးယစ်ဆေးဝါးကိစ္စသော်လည်းကောင်း၊ တစ်ခြားပတ်ဝန်းကျင်မှာ ဒီမူးယစ်ရမ်းကားတာ သော်လည်းကောင်း ၊ တစ်ခြားဘယ်ပြစ်မှုတစ်ခုမှ မရှိဘူးလို့ ကျွန်တော် သိရတယ်၊ အဲ့လိုပဲ ဒါ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ဒီဟာကို ကျွန်တော် ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်” လို့ အောင်ရင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်က သရုပ်ဆောင်မိုးအောင်ရင်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က) နဲ့ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကို ရန်ကုန်၊ အရှေ့ပိုင်းခရိုင်တရားရုံးမှ ချမှတ်ခဲ့ပါတယ်။ ပုဇွန်တောင်တရားရုံး တွင် လည်း နိုဝင်ဘာလ ၂၆ ရက်က ဥပဒေပုဒ်မ- ၁၅/၁၆ (ဂ)ဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့တာကြောင့် မိုးအောင်ရင်က ထောင်ဒဏ် ၁၇ နှစ်ထိ  ပြစ်ဒဏ် ကျခံရဖွယ် ရှိနေတာပါ။

“ ဖြစ်ခဲ့တဲ့ဟာဆိုတာ ကျွန်တော်တို့ ပြစ်မှုကို ကြွေးကျန်အနေနဲ့ ချန်ထားပြီးတော့ ဒီလူကို အပြင်ထုတ် ပေးလိုက်တယ်။ ဒါပေမယ့် သူတို့ Watch လုပ်နေတယ်။ လုပ်ပြီးတော့ ဒီလူက ကောင်းကောင်းမွန်မွန် နေတယ် ဘာညာဆိုရင်တော့ ပြီးသွားပြီပေါ့။ မဟုတ်ဘဲနဲ့ နောက်ပြစ်မှုလုပ်တယ်ဆိုရင် အဲ့ဟာနဲ့ ပေါင်းပြီးတော့ ပြစ်ဒဏ်ခံရတယ်ဆိုတာရှိတယ်” ဟု အောင်ရင်က မူးယစ်အမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာတွင် ကျင့်သုံးမှု တစ်ခုကို ဥပမာပေးပြောဆိုခဲ့ပါတယ်။

အမှုဖြစ်စဉ်ကတော့  ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က မိုးအောင်ရင်ကို အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့ အတူ ပုဇွန်တောင်မြို့နယ်ရှိ ရည်စားဖြစ်သူနေအိမ်တွင် ဖမ်းဆီးရမိခဲ့တာပါ။

“ ဖြစ်ဖြစ်ချင်း ကျွန်တော့်သားဆီရောက်သွားတော့ သားက ကျွန်တော့်ကို တစ်ဆင့် ပြန်အားပေးရတဲ့ အနေအထားဖြစ်နေတယ်။ ကျွန်တော်ကတော့ ဘာစကားမှကို မပြောနိုင်တော့ဘူး” လို့ အောင်ရင်က ပြောပါတယ်။

ရဲတပ်ဖွဲ့မှ ဆက်လက်ပြီး ရှာဖွေရာမှာ မိုးအောင်ရင်ရဲ့ တာမွေမြို့နယ်နေအိမ်မှာ သူငယ်ချင်းဖြစ်သူ လူလူသန်းဦး နဲ့ ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမြင့်အောင် (ခ) ဒေးဗစ်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် ထောင်ဒဏ် ၁၂ နှစ်၊ သုံးစွဲမှု ပုဒ်မ ၁၅ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ လူလူသန်းဦးအား သုံးစွဲမှုဖြင့် ထောင်ဒဏ် ၃ နှစ် ရန်ကုန်၊ အရှေ့ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly