မြန်မာလူငယ်များ စာဖတ်နည်း၍ “စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနား ကျင်းပမည်

မြန်မာလူငယ်များ စာဖတ်နည်း၍ “စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနား ကျင်းပမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ။               ။ မြန်မာလူငယ်လူရွယ်များ စာဖတ်မှုနှုန်း နည်းသည့်အတွက် “စာတတ်သူတိုင်း စာဖတ်ရေး”အတွက် စည်းရုံးလှု့ံဆော်မှု အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် ပြခန်းများပါ ပါဝင်မည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

" ပြခန်းပေါင်းက တော့ ၂၆ ခန်းလျာထားပါတယ်လို့။ ဒါ့အပြင် စာအုပ်စျေးရောင်းပွဲတော်တွေ  ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ ဒီအခန်းအနားကို တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးက လူမှုရေးဝန်ကြီးများ၊ စာကြည့်တိုက်မှူး ၁၅ဝဦး၊ NGO အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်များ၊ ကျောင်းသူ ၊ ကျောင်းသားများ၊ ဝန်ကြီးဌာနအသီးသီးက ဝန်ထမ်းများ ဖိတ်ကြားထားရှိပါတယ်”ဟု  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

အဆိုပါအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် မနက်(၉)နာရီမှ ညနေ(၅)နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင်ကြောင်းသိရသည်။

စာအုပ်ကိုင်ဖတ်သည့် ဓလေ့သည် လျော့နည်းနေပြီး  အကျိုးရှိသည့် စာအုပ်များကိုဖတ်ခြင်းအားဖြင့်  ရရှိမည့် အကျိုးကျေးဇူးများသည် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ဒေသ အကျိုး၊  ကို်ယ့်လူမျိုးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်  လုပ်နိုင်သည့် အခွင့်အလမ်းများကို အတုခိုးမြန်သည့် လူငယ်လူရွယ်များကို ပိုမိုသိအောင် ပြောကြားရန်လိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောသည်။

“စာဖတ်တဲ့ဓလေ့က ကောင်းတယ်။ စာဖတ်ခြင်းအားဖြင့် ဘာဖြစ်နိုင်တယ်။ ညာဖြစ်နိုင်တယ်။ တိုးတက်နိုင်တယ်။ ဒါဆိုလို့ရှိရင် သူတို့ အတုခိုးမြန်လို့များ ဒီလိုမျိုးလေး စာပိုဖတ်လာရင်  ကျွဲကူးရေပါဆိုသလို ကလေးတွေကလည်း ဖတ်မယ်။ လူငယ်တွေကလည်းဖတ်မယ်။ လူကြီးတွေကလည်း ဖတ်နိုင်တယ်။ ဖတ်သင့်တဲ့  အကျိုးဖြစ်ထွန်းတဲ့ ဟာတွေကို လမ်းညွှန်ပြမယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းကြီး ကျွန်တေ်ာတို့ နိုင်ငံမှာ ပေါ်လာမယ်ဆိုလို့ရှိရင် သေချာတာပေါ့ ။ ကျွန်တော်တို့  ထပ်ပြောမယ်ဆိုလို့ရှိရင် ကျွန်တေ်ာတို့မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ၊ ဒါသည် သွားနိုင်ဖို့အတွက် ကောင်းတဲ့  အခင်းအကျင်းဖြစ်တာပေါ့”ဟု ဦးမျိုးမြင့်မောင်က ပြောသည်။

“စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနားတွင် ၁၉၄၇ ခုနှစ်မှ စတင်ကာ စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့်  နှစ်စဉ်အလိုက်ထုတ်ဝေခဲ့သည့်စာအုပ်များ၊ အထူးသဖြင့်  ယခင်ခေတ်အခါက ရှားပါးစာအုပ်များ၊ ၁၉၄၈ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် လူထု အလင်းစဉ်၊ လူထုအိတ်ဆောင်စာစဉ်၊ လူထုတက္ကသိုလ် စာစဉ်၊ လူထုသိပ္ပံစာစဉ်၊ လူထုသိပ္ပံကကျမ်းတွဲများ၊ ၁၉၅၁ခုနှစ်တွင် ထုတ်ဝေခဲ့သည့် နှစ်ငါးဆယ်စာစဉ်တွဲများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ၁၉၅၂ခုနှစ် တွင်စတင်ထုတ်ဝေခဲ့သည့် စာပေဗိမာန် မဂ္ဂဇင်းများနှင့် ၁၉၅၄ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဝေါဟာရဘဏ်စာအုပ် ၂တွဲနှင့် အတူ ရှေးစာရေးဆရာကြီးများ ရေးသားခဲ့သည့် ရှားပါး ပြည်သူ့လက်စွဲစာစဉ်များကိုပါ ပြသသွားမည်ဖြစ်ပြီး  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားထားကြောင်းသိရသည်။

အာရှဖောင်ဒေးရှင်း၏ ကွင်းဆင်းကြည့်ရှုအရ မြန်မာနိုင်ငံတွင် ပုဂ္ဂိလိက စာကြည့်တိုက်ပေါင်း ငါးထောင်ကျော်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ခရိုင်နှင့် မြို့နယ်များတွင် တွဲဖွင့်ထားသည့် စာကြည့်တိုက်ပေါငး လေးရာကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly