သမ္မတ၏ မော်လမြိုင်တွေ့ဆုံပွဲတွင် တိုင်ကြားစာ ၇၇ စောင် လက်ခံရရှိ

သမ္မတ၏ မော်လမြိုင်တွေ့ဆုံပွဲတွင် တိုင်ကြားစာ ၇၇ စောင် လက်ခံရရှိ

သထုံ၊ ဒီဇင်ဘာ၊ ၁၅ ။              ။ ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတကြီးနှင့် မဏ္ဍိုင် ၃ ရပ် တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် တိုင်ကြားစာ ၇၇ စောင် လက်ခံရရှိကြောင်း မွန်ပြည်နယ်အစိုးရ၊ တိုင်ကြားစာလက်ခံရေးအဖွဲ့ထံမှ သိရသည်။

" ဦးပိုင်က လုပ်ထားတဲ့ကိစ္စ၊ လယ်သမားတွေ လယ်လည်း အသိမ်းခံရတယ်။ တရားလည်း အစွဲခံရတယ်။ ဒါဟာ သဘာဝမကျဘူး။ ဒီအတွက် သမ္မတကြီးကို လာပြီးတင်ပြ တိုင်ကြားတာပါ"ဟု တိုင်ကြားစာ ပေးပို့သူ များအနက်မှ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာနေ ဦးထွန်းလှိုင်က ၎င်း၏ တိုင်ကြားစာအကြောင်းကို ပြောသည်။

တိုင်ကြားစာများတွင် မြေယာပြဿနာကိစ္စအများဆုံး ဖြစ်ပြီး တရားရုံးများ၏ တရားစီရင်မှု မတရားမှုများ၊ အုပ်ချုပ်သူ အာဏာပိုင်များ၏ မတရားဖိနှိပ်သည်ဆိုသည့် ကိစ္စများလည်း ပါဝင်သည်။

"ကျွန်တော့ နာမည် နန္ဒာအောင်ပါ။ ကျွန်တော်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ။ ဒီ အစိုးရလက်ထက်မှာပဲ ထောင်နှစ်ကြိမ် ကျခဲ့ပါပြီ။ အလုပ်သမားပြဿနာနဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ မှားယွင်းမှုကို ချပြလို့ပါ။ ဒီ မွန်ပြည်နယ်မှာ ကရင်အမျိုးသားတွေ အများကြီးရှိတယ်။ ဘာလို့ မဖိတ်ကြားတာလဲ၊ ဒေသတွင်း ပြဿနာ တွေကို ဘာလို့ မရှင်းပေးတာလဲ၊ လွတ်လပ်မျှတတဲ့၊ ခြုံငုံအဖွဲ့ ဖွဲ့ပြီး ဒီမွန်ပြည်နယ်မှာ ရှိတဲ့ ဒေသတွင်း မြေယာ ပြဿနာတွေကို သီးခြားသတ်မှတ် စစ်ဆေးပေးဖို့ သမ္မတကြီးကို တိုက်တွန်းပါတယ်"ဟု တိုင်ကြားစာ ပေးပို့သူများမှ ကိုနန္ဒာအောင်က ပြောသည်။

အဆိုပါတိုင်ကြားစာများသည် သမ္မတထံသို့ မရောက်ရှိမည်ကို တိုင်ကြားသူများက စိုးရိမ်မကင်း ဖြစ်နေကြ သော်လည်း တိုင်ကြားစာများကို နိုင်ငံတော်သမ္မတကြီးနှင့် အတူပါလာသည့် တိုင်ကြားစာလက်ခံရေးအဖွဲ့ထံသို့ အရောက်ပေးပို့မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ၏ တိုင်ကြားစာလက်ခံရေး အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ပြုလုပ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်တို့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကလည်း မူးယစ်ဆေးဝါးပြဿနာများ၊ တရားစီရင်ရေးကိစ္စများပါ ထည့်သွင်းပြောကြားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly