နာမည်ကြီး အဆိုတော် ၆ ဦးဖြင့် ပြုလုပ်မည့် သီတင်းကျွတ်လပြည့်နေ့ ဂီတ ဖျော်ဖြေပွဲ

နာမည်ကြီး အဆိုတော် ၆ ဦးဖြင့် ပြုလုပ်မည့် သီတင်းကျွတ်လပြည့်နေ့ ဂီတ ဖျော်ဖြေပွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။         ။ Bo Bo Entertainment က သီတင်းကျွတ် လပြည့်နေ့တွင် နာမည်ကြီး အဆိုတော် ၆ ဦးဖြင့် ဟစ်ဟော့ ဂီတ ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပရန် စီစဉ်ထားကြောင်း Bo Bo Entertainment မှ ကိုဘိုစန်းက မဇ္ဈိမကို ပြောသည်။

ထိုဂီတ ဖျော်ဖြေပွဲကို နာမည်ကြီး အဆိုတော်များ ဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ လွှမ်းပိုင်၊ Snare၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ Bobby Soxer တို့ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ Bo Bo Entertainment က ယခင်နှစ်များတွင် နာမည်ကြီး အဆိုတော်များစွာဖြင့် ဂီတဖျော်ဖြေပွဲ ပြုလုပ် ခဲ့သော်လည်း ယခုနှစ်တွင် ဖျော်ဖြေပွဲကို ကြည့်ရှုမည့် ပရိသတ်များအတွက် တစ်မူ ထူးခြားစေရန် အဆိုတော် ၆ ဦးဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ သီတင်းကျွတ် လပြည့်နေ့မှာ အဆိုတော် ၆ ဦး နဲ့ ရှိုးပွဲ လုပ်မယ်။ ပြီးရင် မန္တလေးမှာ တစ်ပွဲ လုပ်ဖို့ ရှိတယ်။ တစ်နှစ်နဲ့ တစ်နှစ် မတူအောင် ထူးထူးခြားခြား စီစဉ်ထားပါတယ်" ဟု Bo Bo Entertainment မှ ကိုဘိုစန်းက ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲ၏ စင်မြင့် တည်ဆောက်မှုများကို ယခင် ရှိုးပွဲပုံစံများနှင့် မတူအောင် ထူးထူးခြားခြား ပြုလုပ်သွားမည် ဖြစ်ပြီး ပါဝင်မည့် အဆိုတော် ၆ ဦးကလည်း တေးသီချင်းများစွာကို ဒီဂျေ အပြင် တီးဝိုင်းများဖြင့် ပါ သီဆို ဖျော်ဖြေကြမည် ဖြစ်သည်။

ဂီတဖျော်ဖြေပွဲကို သီတင်းကျွတ် လပြည့်နေ့(အောက်တိုဘာ ၂၈ ရက်) တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ညနေ ၅ နာရီမှ စတင်ကျင်းပသွားမည် ဖြစ်ပြီး လက်မှတ်များကို တစ်စောင်လျှင် ရှစ်ထောင် ကျပ် ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။

Hip Hop ရှိုးပွဲများ စီစဉ်သည့် Bo Bo Entertainment မှ ရှိုးပွဲများ အပြင် ရုပ်ရှင် ၊ ဗီဒီယို ဇာတ်ကားများ ကိုပါ ထုတ်လုပ်ဖြန့်ချိရန် Bo Bo Film Production အမည်ဖြင့် တည်ထောင်ကာ ဇာတ်ကားများ ရိုက်ကူးလျက် ရှိပြီး မကြာခင် အဆိုတော် လွှမ်းပိုင် နှင့် ခင်ဝင့်ဝါတို့ ပါဝင် သရုပ်ဆောင်ထားသည့် ဂျာကင်ဟောင်းလေး ဗီဒီယို ဇာတ်ကားကို စတင် ဖြန့်ချိသွားရန် စီစဉ်ထားကြောင်း ကိုဘိုစန်းက ထပ်မံ ပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly