ဗိုလ်ချုပ်လမ်းပေါ်ရှိ ၄၆ လမ်းမှတ်တိုင် ပြန်ဖွင့်၊ အများပြည်သူ သွားလာရအဆင်ပြေ

By သူသူသန့်စင်၊ ကျော်စွာထွန်း
15 December 2018
ဗိုလ်ချုပ်လမ်းပေါ်ရှိ ၄၆ လမ်းမှတ်တိုင် ပြန်ဖွင့်၊ အများပြည်သူ သွားလာရအဆင်ပြေ
ဓာတ်ပုံ-ကျော်စွာထွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။              ။ ၈ နှစ်ကျော်ကြာ အသုံးမပြုတော့သည့် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ၄၆ လမ်းမှတ်တိုင်ကို ဒီဇင်ဘာလ ၁၄ ရက် က ပြန်ဖွင့်လှစ်ခဲ့ပြီး အများပြည်သူ သွားလာရအဆင်ပြေနေကြောင်း မှတ်တိုင်အနီးနေထိုင်သူများက ပြောဆိုကြသည်။

ယင်းမှတ်တိုင်ကို အသုံးမပြုတော့သည်မှာ ၈ နှစ်ကျော် ကြာမြင့်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံ ရပ်ကွက်နေ ပြည်သူ ၁၈၀ ကျော်မှ စာတင်တောင်းခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ အရင်တုန်းက ရှိတယ်။ အခု မှတ်တိုင်နေရာမှာ ဟိုတယ်၊ တိုက်ဆောက်တဲ့အခါ မလွတ်လို့ဆိုပြီး ရွှေ့လိုက် တာ အတည် ဖြစ်သွားတယ်။ အတည် ဖြစ်သွားတော့ ခရီးသည်တွေ သွားရလာရ အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် ဦးတို့က ပြန်ပြီးတောင်းတယ် ပြန်ရလာတယ်ပေါ ့”ဟု မှတ်တိုင်အနီးတွင် နေထိုင်သူ ဦးလှထွန်းက ပြောသည်။

အဆိုပါမှတ်တိုင်မှာ ဗိုလ်ချုပ်လမ်း ၄၆ လမ်းထိပ်တွင် တည်ရှိပြီး ယခင်က အိုးအိမ်ရုံးရှေ့ မှတ်တိုင် ပြီးလျှင် ဗိုလ်ချုပ်လမ်းအတိုင်း လမ်း ၅၀ ရောက်မှသာ မှတ်တိုင် ရှိခြင်း ဖြစ်သည်။

ထိုသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးထံ စာတင်ပြီး ၇ လ ခန့် အကြာတွင် ယခုကဲ့သို့ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ရပ်ကွက်ခံများထံမှ သိရသည်။

မှတ်တိုင်အတွက် စာတင်တောင်းခံထားသည့်ကာလအတွင်း အခက်အခဲအနည်းငယ်ရှိခဲ့သော်လည်း ရန်ကုန်တိုင်းစည်ပင် အတွင်းရေးမှူး ဦးသန်းထံမှ အကူညီရခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်တိုင် တရားဝင်လာရောက်လုပ်ပေးသွားခဲ့ခြင်း ဖြစ်ကြောင်း မှတ်တိုင်အနီးနေထိုင်သူ ဦးလှထွန်းက ဆိုသည်။

“ မှတ်တိုင်အသစ် ပြန်ဖွင့်တာက ၂ ရက်ပဲ ရှိသေးလို့ လူသိပ်မသိသေးဘူး။ လူ သိပ်မသိသေးတော့ အတက် အဆင်း နည်းတယ်။ လူသိများရင်တော့ လာစီးကြမှာပေါ့” ဟု YUPT ( Yangon Urban Public Transport Company-ရန်ကုန်မြို့သစ်စီမံကိန်းနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်း) မှ ယာဉ်လိုင်းအဖွဲ့မှူး ဦးဆန်းနိုင်က ပြောသည်။

မှတ်တိုင် ဖွင့်လှစ်သည့် ၂ ရက်မြောက်နေ့ဖြစ်သော ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရပ်ကွက်ခံများက မှတ်တိုင်ပြန် ဖွင့်သည့် အထိမ်းအမှတ်အဖြစ် မှတ်တိုင်တွင် ရပ်နားသော YBS ယာဉ်မောင်းများကို အအေးဘူးများနှင့် ဒိန်ချဉ်ဘူးများ ဒါနပြုနေသည်ကို တွေ့ရသည်။

လက်ရှိ ပြန်လည်ဖွင့်လှစ်လိုက်သော အဆိုပါမှတ်တိုင်တွင် YBS ၃ ၊ ၅၆၊ ၉၃ ယာဉ်လိုင်းများ လူအတင်အချ ပြုလုပ်လျှက်ရှိသည်။

YBS စနစ် စတင်ချိန်တွင် YUPT သည် ယခင် မထသမှ  အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး YBS ၅၈ ၊ ၃၆ ၊ ၂၈ ၊ ၂၄ ယာဉ်လိုင်းတို့ကို ပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly