အိန္ဒိယသမ္မတနိုင်ငံမှ JMC သို့ ကား ၁၀ စီးလှူဒါန်း

အိန္ဒိယသမ္မတနိုင်ငံမှ JMC သို့ ကား ၁၀ စီးလှူဒါန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။            ။ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) သို့ TATA မော်တော်ယာဉ် ၁၀ စီးကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာပေးအပ်လှူဒါန်းခဲ့ပါတယ်။

အဆိုပါ ပေးအပ်မှုကို ရန်ကုန်မြို့၊ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်ခဲ့ပြီး အိန္ဒိယသံအမတ်ကိုယ်တိုင်လာရောက်ပေးအပ်ခဲ့ တာလည်းဖြစ်ပါတယ်။

 “ လက်ရှိ ဒီJMC မှာတော့ JMC-U၊ နောက် JMC-S ၅ ရုံးပေါ့။ နောက်ပြီး JMC-L နှစ်ရုံးရှိပါတယ်။ ရုံးအားလုံးကို ဒီကားတွေဖြန့်ဝေပြီး သုံးစွဲသွားမှာဖြစ်ပါတယ်။ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီမတိုင်ခင်တော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကနေပြီး vovo ၁၀ စီးလှူထားပါတယ်။ ဒါကတော့ လက်ရှိ အိန္ဒိယက လှူတာပေါ့နော်။ လှူဒါန်းတဲ့ ကားကတော့ အစီး ၂၀ ရှိပြီဖြစ်ပါတယ်” လို့ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါ တယ်။

 အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ NCA စာချုပ်မချုပ်ဆိုခင် ၂၀၁၅ ခုနှစ်ကတည်းက သက်သေနိုင်ငံတစ်ခု အနေ ဖြင့်ပါဝင်လာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီသွားဖို့ဆန္ဒရှိတယ်လို့လည်း အိန္ဒိယသံအမတ်က ပြောဆိုခဲ့ပါတယ်။

 “ ကျွန်တော်တို့ ဒီနေ့အခမ်းအနားဟာJMC လုပ်ငန်းကို ကျွန်တော်တို့အနေနဲ့ အထောက်အကူ ပြုဖို့ရန် အတွက်ပဲဖြစ်ပါတယ်။ ကျွန်တာ်တို့ဒီ ၂၀၁၅ NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ JMC အနေနဲ့ အင်မတန် အရေးကြီးတဲ့အရမ်းကိုအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ် ပြုပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ် Mr.Vikram Misri ကပြောပါတယ်။

 တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးပြီးနောက်ပိုင်း စာချုပ်ပါ သဘော တူညီချက်များကိုအကောင် အထည်ဖော်ရန် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။

 JMC ဟာ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေဖို့နဲ့ဖြစ်ပွားခဲ့ပါက စောင့်ကြည့်ဆုံးဖြတ်ပေးသည့်အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly