ABSDF အဖွဲ့ဝင်များကို မတရားအသင်းဆက်သွယ်မှုနှင့်အမှုဖွင့်ခြင်းကြောင့် အဖွဲ့အစည်းများအကြား ယုံကြည်မှု ကျဆင်းလာနိုင်

ABSDF အဖွဲ့ဝင်များကို မတရားအသင်းဆက်သွယ်မှုနှင့်အမှုဖွင့်ခြင်းကြောင့် အဖွဲ့အစည်းများအကြား ယုံကြည်မှု ကျဆင်းလာနိုင်
ဓာတ်ပုံ - ABSDF

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။             ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) မှ ဒုတိယဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို မတရားအသင်းဥပဒေပုဒ်မ ဖြင့်အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်နေကြသောအဖွဲ့အစည်းများအကြား ယုံကြည်မှု ကျဆင်းလာနိုင်ကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကပြောဆိုလိုက်သည်။

ABSDF အဖွဲ့ မြောက်ပိုင်းဒေသ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ဗိုလ်အဆင့်ရှိသူ ဦးမောင်ဦးနှင့် အရပ်သား ဦးကိန်းမြင့်တို့သည် မိုးညှင်းမြို့တွင် ကွယ်လွန်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦး၏ စျာပနသို့သွားရောက်စဉ်  နိုဝင်ဘာ ၃၀ ရက်နေ့က ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရခြင်းလည်းဖြစ်သည်။

“ စာချုပ်စာတမ်းရဲ့ ကတိကဝတ်တွေအတိုင်း ကျွန်တော်တို့ အလုပ်လုပ်ချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တာ်တို့ကြားထဲမှာ ကျွန်တော်တို့တင်မဟုတ်ပါဘူး။ အားလုံးမျှော်မှန်းနေတဲ့ အမျိုးသားပြည်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်နေကြတဲ့အဖွဲ့အစည်းတွေ နောက်ထပ်ပစ်ခတ် ရပ်စဲရေးအတွက် ကြိုးပမ်းနေတဲ့၊ ဆွေးနွေးနေကြတဲ့အဖွဲ့အစည်းတွေကြားထဲမှာ သံသယတွေကပိုကြီးထွားနိုင်ပါတယ်။ ယုံကြည်မှုတွေလည်း ကျနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုကိစ္စမျိုးတွေဟာမဖြစ်သင့်ဘူး။ ဒါတွေကို မဖြစ်ဖို့ အတွက် သက်ဆိုင်ရာ အစိုးရမှာရော၊ သက်ဆိုင်ရာ တပ်မတော်မှာရော အထက်၊ အောက် အဆင့်ဆင့်မှာ အားလုံးတာဝန်ရှိတယ်လို့ ယူဆပါတယ်”  ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲဘော်သံခဲကပြောသည်။

ထိုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုခြင်းသည် မြန်မာပြည်ငြိမ်းချမ််းရေးဖြစ်စဉ်တွင် ပါဝင်နေသော အဖွဲ့အစည်းများ အတွက် ယုံကြည်မှုကျဆင်းစေသောကြောင့် ဖမ်းဆီးခံထားရသူများကို အမြန်ဆုံးလွှတ်ပေးရန်လည်း ABSDF (ဗဟို) က ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်စာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါနေ့တွင် ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို မိုးညှင်းတရားရုံး၌ရုံးထုတ်ခဲ့ပြီး ရမန်ကြီးနှစ်ပတ်ယူကာ နောက် ရုံးချိန်းကို ဒီဇင်ဘာ ၂၈ ရက်နေ့သို့ချိန်း ဆိုခဲ့ကြောင်းလည်း ရဲဘော်သံခဲကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကနေပြီး အစိုးရ၊ တပ်မတော်နှင့် JMC အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းများကို စာပေးပို့ထားသော်လည်း အကြောင်း ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်လည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပုဒ်မ (၁၇/၁) ဖြင့်ဖမ်းဆီးပြီး ပြီးနောက် ၈လခန့်တရားရင် ဆိုင်ကာ တရားသေလွှတ်ပေးခဲ့ဖူးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် ABSDF ကို မတရား အသင်းအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags