မူးယစ်ဆေးဝါးကိစ္စများတွင် ဝန်ထမ်းများ ဖုံးကွယ်မထားကြရန် သမ္မတ သတိပေး

By ကျော်စွာထွန်း
15 December 2018
မူးယစ်ဆေးဝါးကိစ္စများတွင် ဝန်ထမ်းများ ဖုံးကွယ်မထားကြရန် သမ္မတ သတိပေး
ဓာတ်ပုံ-ဇော်လွင်ထွဋ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ။     ။ မူးယစ်ဆေးဝါးကိစ္စတိုင်ကြားရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ပတ်သက်နေမှုများရှိနေပြီး ဖုံးကွယ်မထားကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ပြုလုပ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"စိတ်မကောင်းစရာက တချို့ ဝန်ထမ်းတွေပါဝင်ပတ်သက် နေပါတယ်။ ဘယ်လိုပဲ ပါဝင်ပတ်သက်၊ပတ်သက်၊ ကြီးကြီးငယ်ငယ်၊အနိမ့်အမြင့်မရွေး ကျွန်တော်တို့ကတော့ ဥပဒေအရာမှာ တစ်ပြေးညီမှာပါ။ တရားဥပဒေ စိုးမိုးရမယ်ဆိုတာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ သိလျက်နဲ့ မသိချင်ယောင်ဆောင်မထားကြပါနဲ့။ တာဝန်ရှိတဲ့ဝန်ထမ်းတွေ ဖုံးကွယ်လည်း မထားပါနဲ့။ ဖမ်းရမယ့်ကိစ္စကို မဖမ်းဘဲလည်း မထားပါနဲ့။ ဖမ်းရမဲ့ကိစ္စကို ကွင်းဆက်ပျောက်အောင်လည်း မလုပ်ပါနဲ့။ကျွန်တော်တို့ အရေးယူမှာပါ "ဟု သမ္မတက ပြောကြားသည်။

မူးယစ်ဆေးကိစ္စအပေါ် အာဏာရှိသည့်သက်ဆို်င် ရာ တာဝန်ရှိသူများအနေဖြင့် ဖုံးကွယ်မထားရန်နှင့် ဖမ်းဆီးရမည့်ကိစ္စများတွင် တာဝန်ဝတ္တရားအတိုင်းဆောင်ရွက်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီ အမှုအကြီး၊အသေး၊ အငယ်ပေါ်မှာ တရားရုံးက တရားရုံးရဲ့လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့်အရ အပြစ်ဒဏ် အတိမ်အနက် သူ့ဖာသာ ချမှတ်သွားပါလိမ့်မယ်" ဟု သမ္မတက ပြောကြားသည်။

လက်ရှိတွင် မူးယစ်ရာဇာကဲ့သို့သော လက်ကြီးသမားများကို အရေးယူနိုင်ရန် သမ္မတရုံး မူးယစ်ဆေးသတင်းပေးတိုင်ကြားမှုဌာနကို ၂၄ နာရီဖွင့်လှစ်ထားကာ မူးယစ်ဆေးသတင်းပေးတိုင်ကြားသူများကို သမ္မတ အပါအဝင် သုံးဦးသာ သိရှိပြီး ပြည်ထဲရေးသို့ ဖမ်းဆီးရမည့် နေရာများကို တိုက်ရိုက်ညွှန်ကြားကာ ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်။

အဆိုပါ သတင်းပေးတိုင်ကြားရေးဌာနသို့ ပြည့်ပြည့်စုံစုံ တိုင်ကြားပေးရန်နှင့် သတင်းပေးပို့သူ၏ အချက်အလက်များအားလုံးကို လုံခြုံစွာ လျှို့ဝှက်ထားမည် ဖြစ်ပြီး သတင်းပေးပို့သူကို ပြည်ထဲရေးကတောင်မှ သိရှိရခြင်း မရှိကြောင်း သမ္မတရုံးမှ ကြေညာထားသည်။

လက်ရှိအချိန်တွင် တိုင်ကြားမှုများကို Mobile Team ဖြင့် ဗဟိုမှ ဆင်းဖမ်းနေပြီး သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်နှင့်ဖမ်းပါက အမှုပျောက်သွားမည် စိုးရိမ်သောကြောင့်ဟု သမ္မတက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးမှ ဖွင့်လှစ်ထားသော မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာနသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများအနက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဖော်ထုတ်အရေးယူနိုင်ခဲ့သော အမှုပေါင်း ၃၈၉ မှုကို ဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီး တရားခံကျား(၅၀၉)ဦး၊မ (၉၅)ဦး စုစုပေါင်း ၆၀၄ ဦး ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly