စွန့်ပစ်ပစ္စည်းများဖြင့် ဖန်တီးထားသော အနုပညာလက်ရာများကို ၁၇ ရက် ကြာ ပြသသွားမည်

By အောင်ကိုကိုဦး၊ အဂ္ဂနွန်
14 December 2018
စွန့်ပစ်ပစ္စည်းများဖြင့် ဖန်တီးထားသော အနုပညာလက်ရာများကို ၁၇ ရက် ကြာ ပြသသွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ။              ။ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ဖန်တီးထားသည့် အနုပညာလက်ရာPure Gold ပြပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်၍ လာမည့် ဇန်နာရီ ၆ ရက်အထိ ၁၇ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပွဲနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၄ရက်နေ့က ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ပြီးမီဒီယာများကို ရှင်းလင်းခဲ့သည်။

“လူတွေက ဒီစွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချရမယ်ဆိုတဲ့ ဟာကိုပိုပြီးလက်ခံလာကြမယ်။ ဒါကို မျှော်မှန်းထားပါတယ်။ အဆင့်အတန်းမြင့်တဲ့ ပစ္စည်းဖြစ်အောင် ဖန်တီးတာမျိုးလုပ်ဖို့အတွက်လည်း ရည်မှန်း ထားပါတယ်။”ဟု Pure Gold ပြပွဲကိုဦးဆောင်သူ Volker Albus က ပြောသည်။

ယင်းပွဲကို နိုင်ငံတကာ ပညာရှင်များနှင့် မြန်မာနိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး စွန့်ပစ် ပစ္စည်းများကို ပြန်လည်အသုံးချမှုများ ပိုမိုအားကောင်းလာရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် နိုင်ငံတကာမှ အသုံးမပြုတော့သည့်စွန့်ပစ် ပစ္စည်းများဖြင့် ပြုပြင်ဖန်တီးထားသော သေသပ်လှပပြီး တန်ဖိုးရှိလာသည့် ပစ္စည်းအမျိုးအစား ရဝကျော်ကို ပြသထားမည်ဖြစ်ပြီး အဝတ်အစား အဟောင်း၊ ပလတ်စတစ်အိတ်၊ သတင်းစာအဟောင်း၊ ပုလင်းအခွံများ၊ တာယာအဟောင်းများနှင့် ပရိဘောဂ အကျိုးအပျက်များကို အသုံးပြုကာ အနုပညာလက်ရာများအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။

Pure Gold အနုပညာပြပွဲကိုနိုင်ငံတကာတွင် လှည့်လည် ပြုလုပ်နေပြီး ယခုပြပွဲသည် ရန်ကုန်မြို့တွင် လေးကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly