နှစ်လုံးထီလောင်းကစားသူ ၆ ဦးအား လောင်းကြေးငွေနှင့်အတူ ဖမ်းဆီးရမိ

နှစ်လုံးထီလောင်းကစားသူ ၆ ဦးအား လောင်းကြေးငွေနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာလ ၁၄ ။               ။ ရန်ကုန်မြို့၊ ဝေဘာဂီမြို့သစ် ၊ ဆဒ္ဒန်လမ်းရှိ နေအိမ်တစ်အိမ်မှ နှစ်လုံးထီလောင်းကစားသူ ၆ ဦးအား လောင်းကြေးငွေ ကျပ်၅ သိန်းခွဲကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

နှစ်လုံးထီလောင်းကစားသူ ၆ ဦးမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်နေသူများဖြစ်သော အသက် ၄၅ နှစ်အရွယ် သွေးဆက်၊ အသက် ၃၁ နှစ်အရွယ် ကျော်သူ၊ အသက် ၂၅ နှစ်အရွယ် ဌေးဌေးဝင်း၊ (ည) ရပ်ကွက် နေသူများဖြစ်သည့် အသက် ၃ဝ အရွယ် ကျော်ဖြိုးဝေ၊ အသက် ၅၂ နှစ်အရွယ် သန်းသန်းဌေး နှင့် အသက် ၅၂ နှစ်အရွယ် ဝင်းလွင်ဦးတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှုခင်းအကူဌာနစုရဲတပ်ဖွဲ့မှ လောင်းကစားဖမ်းဆီးမိန့်နှင့်အတူ သက်သေများဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ဆဒ္ဒန်လမ်းရှိ သွေးဆက်ဆိုသူ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာမှ အဆိုပါ  နှစ်လုံးထီလောင်းကစားလုပ်ကိုင် နေသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးခံရသူများ၏  ထွက်ဆိုချက်အရ သွေးဆက်ဆိုသူမှာ လွန်ခဲ့သောနှစ်များက နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားဒိုင်အလုပ်ကို ဖုန်းဖြင့်သာလက်ခံ၍ လျှို့ဝှက်ရောင်းချလုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော ၈ လခန့်မှစ၍ နေအိမ်တွင် ဘောင်ချာဖွင့်လှစ်ရောင်းချခဲ့ကြောင်း ရဲထုတ်ပြန်ချက်မှ သိရသည်။

ထို့ပြင် ကျော်ဖြိုးဝေနှင့် သန်းသန်းဌေးတို့အား ၁ ရက်လျှင် ငွေကျပ် ၇ ထောင်စီဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ကျော်သူ၊ ဝင်းလွင်ဦးနှင့် ဌေးဌေးဝင်းတို့မှာ နှစ်လုံးထီလာရောက်လောင်းကစားထိုးသူများဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသူထံများမှ တရားမဝင် နှစ်လုံးထီလောင်းကစားရာတွင် သုံးသည့် စာရွက်စာတမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေကျပ် ၅၄၂,၁၅ဝ တို့အား သိမ်းဆည်းရမိခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိသူ ၆ ဦးအား အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

ဓာတ်ပုံ -  ရန်ကုန်တိုင်းရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly