အမေရိကန်လွှတ်တော်ရဲ့ တိဗက်ဥပဒေကြမ်းဟာ ပြည်တွင်းရေးကို အလွန်အကျွံ စွက်ဖက်လာတာပဲလို့ တရုတ် ပြစ်တင်

အမေရိကန်လွှတ်တော်ရဲ့ တိဗက်ဥပဒေကြမ်းဟာ ပြည်တွင်းရေးကို အလွန်အကျွံ စွက်ဖက်လာတာပဲလို့ တရုတ် ပြစ်တင်

ပေကျင်း၊ ဒီဇင်ဘာ ၁၄ ။               ။ တိဗက်ဒေသဆီ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ရရေးကို ကြိုးစားဖော်ဆောင်လာတဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ကြာသပတေးနေ့မှာ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေဟာ ပေကျင်းရဲ့ ပြည်တွင်းရေးကို အလွန်အကျွံ ပါဝင်စွက်ဖက်တယ်လို့ တရုတ်က ပြစ်တင်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အခု သီတင်းပတ်အတွင်း အမေရိကန်လွှတ်တော်မှာ ပါတီကြီးနှစ်ရပ်စလုံးက ထောက်ခံခဲ့တဲ့ ဒီဥပဒေကြမ်းမှာ တိဗက်ဒေသဆီ ပိုမိုဝင်ရောက်ခွင့်ရရေး တောင်းဆိုထားပါတယ်။

ဒီ ဥပဒေကြမ်းမှာ အမေရိကန်သံတမန်တွေ၊ ဂျာနယ်လစ်တွေနဲ့ ခရီးသွားဧည့်သည်တွေကို ပိုမို ပေးဝင်ဖို့နဲ့ တိဗက်ဒေသဆီ နိုင်ငံခြားသားတွေ ဝင်ရောက်နေတာကို ဆက်လက်ပိတ်ဆီးထားဦးမယ်ဆိုရင် ဒီပေါ်လစီအတွက် တာဝန်ရှိတဲ့ တရုတ်တာဝန်ရှိသူတွေကို ပိတ်ပင်သွားရေးတို့ ပါဝင်နေပါတယ်။

တိဗက်ဒေသဆီ နိုင်ငံခြားဧည့်သည်တွေ သွားရောက်လည်ပတ်ရေးမှာ အထူးပါမစ်ရရှိမှာသာ သွားရောက်နိုင်သာဖြစ်ပြီး ပြင်ပက လူတွေ ဝင်ရောက်တာကို လုံးလုံးပိတ်ထားတာ ဖြစ်ပါတယ်။

“ဒီ ဥပဒေကြမ်းဟာ အချက်အလက်မှန်ကို မျက်ကွယ်ပြုထားတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အလွန်အကျွံ စွက်ဖက်တာလည်း ဖြစ်တယ်။ နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံစံနှုန်းကိုပါ ချိုးဖောက်ထားတာဖြစ်တယ်။”လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ လုကန်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

၂၀၁၅ ခုနှစ်က စပြီး နိုင်ငံရေးသမားတွေ အပါအဝင် အမေရိကန် လေးသောင်းနီးပါးဟာ တိဗက်ဆီ လာရောက်လည်ပတ်ခဲ့ကြောင်းလည်း ၎င်းက ပြောပါတယ်။

လွှတ်တော်မှာ ခုအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးဖို့ လိုအပ်နေသေးပါတယ်။

“ဒီဥပဒေကြမ်းကို အတည်မဖြစ်အောင် တားဆီးဖို့ ချက်ချက်လုပ်ဆောင်ရန် အမေရိကန်အစိုးရကို ကျွန်တော်တို့ လေးလေးနက်နက်တိုက်တွန်းပါတယ်။”လို့လည်း လုကန်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly