ကလေးမြို့လေဆိပ် အဆင့်မြှင့်တင်ရန် အိန္ဒိယနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မည်

ကလေးမြို့လေဆိပ် အဆင့်မြှင့်တင်ရန် အိန္ဒိယနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မည်

ဒီဇင်ဘာ ၁၄ ။                ။ ကလေးမြို့ လေဆိပ်အား အဆင့်မြှင့်တင်ရန်အတွက် အိန္ဒိယလေဆိပ် အာဏာပိုင်အဖွဲ့မှ စီမံကိန်း အသေးစိတ် အစီရင်ခံစာကို ပြုစုထားပြီး ငွေကြေး အစီအစဉ်နှင့်ပတ်သက်ပြီး ဆက်လက်ညှိနှိုင်း ဆုံးဖြတ်သွားမည်ဟု သိရသည်။

အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက်အရ သိရခြင်း ဖြစ်သည်။

ကလေးမြို့လေဆိပ်အား အဆင့်မြှင့်တင်ရန်အတွက် အိန္ဒိယ လေဆိပ်အာဏာပိုင်အဖွဲ့မှ စီမံကိန်း အသေးစိတ် အစီရင်ခံစာကို ပြုစုလျှက်ရှိကြောင်း အိန္ဒိယဘက်မှ မြန်မာဘက်သို့ အသိပေး ပြောဆိုခဲ့ကာ မြန်မာအစိုးရ၏ သဘောထားမှတ်ချက်ကို ရယူရန် အဆိုပါ အစီရင်ခံစာအား မြန်မာအစိုးရထံသို့ မကြာမီ ပေးပို့မည်ဖြစ်ပြီး ယင်းနောက် ငွေကြေးကျခံ သုံးစွဲမည့် အစီအစဉ်ကို ဆက်လက်ညှိနှိုင်း ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

အခြေခံအဆောက်အဦများ တိုးမြှင့်တည်ဆောက်ရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အကူအညီများ ပေးအပ်သွားရန် အိန္ဒိယနိုင်ငံ၏ ကတိကဝတ်ကို အကောင်အထည်ဖော်ရန်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုနှစ် သြဂုတ်လ ၃ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အည်းအဝေးတွင် ကလေးမြို့လေဆိပ် အဆင့်မြှင့်တင်ပေးရန် ရှိမရှိ ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၄ ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇုန်လှယ်ထန်းက အဆိုတင်သွင်းမေးမြန်းခဲ့သေးသည်။

အဆိုပြုချက်တွင် လေဆိပ်တွင် သန့်စင်ခန်း မရှိခြင်း၊ စားသောက်ဆိုင်ခန်းများ မရှိခြင်းတို့ကိုပါ တင်ပြခဲ့သည်။

ကလေးမြို့ လေဆိပ်သည် ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအနောက်ဘက်တို့ကို အဓိက သယ်ယူ ပို့ဆောင်ပေးနေသောခရီးစဉ်၏ အဓိက အချက်အချာနေရာဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်ကလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကလေးမြို့သို့ လာရောက်စဉ် လေဆိပ်အဆောက်အအုံကို လာရောက်စစ်ဆေးခဲ့သေး သည်။

နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံအကြား လတ်တလော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေ တိုးတက်ကောင်းမွန်လျက် ရှိနေပြီး ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်မည့် အလားအလာများ ရှိနေသည်ကို နှစ်ဖက်စလုံးမှ အသိအမှတ်ပြုခဲ့ကြသည်ဟုလည်း ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly