ဘာလီကျွန်းဆွယ်တွင် မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုဖြင့် နိုင်ငံခြားသား ၅ ဦးအားဖမ်းဆီး

ဘာလီကျွန်းဆွယ်တွင် မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုဖြင့် နိုင်ငံခြားသား ၅ ဦးအားဖမ်းဆီး

ဒီဇင်ဘာ ၁၄ ။              ။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းဆွယ်မှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားသူ နိုင်ငံခြားသား ၅ ဦးရှိကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ နိုင်ငံခြားသား ၅ ဦးမှာ ဂျာမန်လူမျိုး၊ ပီရူးလူမျိုး၊ ဗြိတိသျှလူမျိုး၊ မလေးရှားလူမျိုးနဲ့ တရုတ်လူမျိုးတို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးမှုဟာ ဘာလီကျွန်းဆွယ်မှာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနဲ့ ၁၃ နှစ်ကြာ ထောင်ကျနေခဲ့တဲ့ လူဆိုးဂိုဏ်းဝင် ၉ ဦး ထောင်ထွက်လာပြီး များမကြာမီမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ အပတ်က ဒူဘိုင်းကနေ ငုရာရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ အသက် ၄၄ နှစ်ရှိ ပီရူးလူမျိုး ဂျော့ရာဖယ် အယ်ဘော်နော့စ် ကမ်မာရာကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဂျော့ရာဖယ် အယ်ဘော်နော့စ် ကမ်မာရာဟာ ၎င်းရဲ့ ခရီးဆောင်အိတ်ရဲ့ အတွင်းအိတ်ထဲမှာ ကိုကင်း ၄ ဒသမ ၀၈ ကီလိုဂရမ်ကို သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်ကနေ ဘာလီကိုရောက်လာတဲ့ အသက် ၅၆ နှစ်ရှိ ဂျာမန်လူမျိုး ဖရန့်ဇေတလာရဲ့ ခရီးဆောင်အိတ်ထဲမှာလည်း ဟတ်ရှ်ရှစ် ၂ ဒသမ ၁ ကီလိုကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သေဒဏ်အထိ ကျခံရဖွယ်ရှိကြောင်း သိရှိရပါတယ်။

အလားတူပဲ အသက် ၄၅ နှစ်အရွယ် ဗြိတိသျှဒီဇိုင်နာ (အမည်ဖော်ပြထားခြင်းမရှိ)ကိုလည်း ၃၁ ဂရမ် အလေးချိန်ရှိတဲ့ မာရီဂျူအာနာအရည်ပုလင်းတွေကို လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာတော့ အသက် ၂၉ နှစ်ရှိ တရုတ်လူမျိုး ချွေးပေါင်လင်းကိုလည်း အက်စတာစီဆေးလုံး ၂၀၀ ကျော်နဲ့ ကီတာမိုင်း ၁၆၀ ဂရမ်ကျော် လက်ဝယ်တွေ့ရှိမှုနဲ့ လေဆိပ်မှာတင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မလေးရှားလူမျိုးဖြစ်တဲ့ ဟမ်တီအစ်ဇ်ဟမ် ဟာခီမီကို မာရီဂျူအာနာ ၁၅ ဂရမ်နဲ့ အက်စတာစီဆေးလုံး ၁၁လုံး လက်ဝယ်တွေ့ရှိမှုနဲ့ စနေနေ့မှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဆိုပါနိုင်ငံခြားသား ၆ ဦးအနက် ဂျာမန်လူမျိုးဖြစ်တဲ့ ဖရန့်ဇေတလာနဲ့ ပီရူးလူမျိုးဖြစ်တဲ့ ဂျော့ရာဖယ် အယ်ဘော်နော့စ် ကမ်မာရာတို့ဟာ ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရဖွယ်ရှိကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly