နိုင်ငံအများစုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်းအထိ တိုးမြှင့်ဖို့ ထောက်ခံတယ်လို့ ဖီဖာ ဆို

နိုင်ငံအများစုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်းအထိ တိုးမြှင့်ဖို့ ထောက်ခံတယ်လို့ ဖီဖာ ဆို
Photos: EPA

ဒိုဟာ၊ ဒီဇင်ဘာ ၁၄ (EFE-EPA)။          ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက်ကို ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးမြှင့်ဖို့ အစီအစဉ်တစ်ခုကို စဉ်းစားနေတယ်လို့ ဖီဖာဥက္ကဋ္ဌဖြစ်သူ ဂီယာနီ အင်ဖန်တီနိုက ပြောပါတယ်။

၄၈ သင်းပုံစံပြောင်းလဲမယ့် ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ်မှာ ဖီဖာက အတည်ပြုခဲ့ပြီး ဒီအပြောင်းအလဲက၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင်အထိ အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့တော့ ထင်မြင်မထားခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စိတ်ကူးရှိတယ်လို့ အကြံပြုထားပါတယ်။

“ဘောလုံးအဖွဲ့ချုပ်တွေ၊ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေရဲ့ ယူဆချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ တကယ်ပဲ အများစုက နောက်ထပ် ၁၆ သင်းပါဝင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမျိုးကို ထောက်ခံကြတဲ့အပြင် ဒါက အသင်း ၁၆ သင်းထက်ပိုတဲ့ နိုင်ငံ ၅၀၊ ၆၀ လောက်က ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ အိပ်မက်ကို မက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါဟာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာက မတူညီတဲ့ မေးခွန်းတစ်ခုပါ။”လို့ အင်ဖန်တီနိုက ကာတာမှာ ပြုလုပ်တဲ့ ဖီဖာထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဖီဖာရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို မတ်လမှာ အတည်ပြုချက်မှတ်သွားမှာဖြစ်တယ်လို့ အင်ဖန်တီနိုက ပြောခဲ့ပြီး ကာတာအနေနဲ့ တိုးချဲ့လာတဲ့ အချိန်ဇယားအရ ကိုက်ညီမှု မရှိနိုင်ဘူးဆိုရင်တော့ အချို့ပွဲစဉ်တွေကို ဒေသအတွင်းက နိုင်ငံတွေမှာ ကျင်းပသွားဖို့ ရှိတယ်လို့ သူက ထည့်သွင်းပြောဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်များအတွင်း ကာတာနိုင်ငံဟာ ပင်လယ်ကွေ့ဒေသအတွင်း သံတမန်အရေးမှာ ဆိုးရွားတဲ့ အကျပ်အတည်း အလယ်မှာ ရှိနေပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လကတည်းက ဆော်ဒီအာရေဗျ၊ အာရပ် စော်ဘွား များပြည်ထောင်စုနဲ့ ဘာရိန်းနိုင်ငံတွေအပါအဝင် အရင်အိမ်နီးချင်း မဟာမိတ်တွေက နိုင်ငံရေးအရရော စီးပွားရေးအရပါ ကာတာကို ဝိုင်းပယ်ထားကြပါတယ်။

 အင်ဖန်တီနိုကတော့ “ကျွန်တော်တို့က နိုင်ငံရေးမှာ မဟုတ်ဘဲ ဘောလုံးအသိုင်းအဝိုင်းက ဖြစ်ပြီး တစ်ခါတလေ ဘောလုံးမှာ အိပ်မက်တွေဟာ တကယ်ဖြစ်လာပါတယ်”လို့ ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly