မွန်ပြည်နယ်ရှိ ခွေးဂေဟာတည်ထောင်ထားသူကို သတ်ခဲ့သူအား ဖမ်းမိ

မွန်ပြည်နယ်ရှိ ခွေးဂေဟာတည်ထောင်ထားသူကို သတ်ခဲ့သူအား ဖမ်းမိ
ဓာတ်ပုံ- Zin Moe Facebook

ရန်ကုန်၊ဒီဇင်ဘာ  ၁၃ ။           ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပတွန်ကျေးရွာအနီးရှိ ဖြူစင်သော အလှူဂေဟာအမည်ဖြင့်ဖွင့်လှစ်ထားသော ခွေးဂေဟာတည်ထောင်ထားသူ ဦးကြည်မိုးချစ်ကို သတ်ခဲ့သူအား ဒီဇင်ဘာ ၁၂ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အသတ်ခံခဲ့ရသောဦးကြည်မိုးချစ် အသက် ၄၈နှစ်သည် လွန်ခဲ့သည့် ၂နှစ်ခန့်က မွန်ပြည်နယ်၊ မုဒုံမြို့နယ် တာပတွန်ကျေးရွာအနီးတွင် ရာဘာခြံတစ်ခြံကို ဝယ်ယူခဲ့ကာ ခွေးလေခွေးလွင့်များကို ကျွေးမွေးထိန်းသိမ်း စောင့်ရှောက်ထားပြီး ပရဟိတ လုပ်ငန်းကိုလုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။

ဦးကြည်မိုးချစ်ကိုသတ်သည့်သူသည် ခွေးဂေဟာတွင်ခြံအလုပ်သမားအဖြစ်ဇနီးသည်နှင့်အတူ လုပ်ကိုင် နေသော အသက် ၃၈နှစ်အရွယ်ရှိ ကိုစိုးမင်းအောင် ဆိုသူဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက် ညနေ (၅)နာရီခန့်တွင် အရက်သောက်ပြီးခြံထဲသို့ ပြန်လာသော ကိုစိုးမင်းအောင် သည် အရက်မူးပြီး ၄င်း၏ ဇနီးနှင့်စကားများခဲ့ပြီး ဇနီးဖြစ်သူမှာ  ခြံစောင့်နေအိမ်မှ ဆင်းသွားကြောင်း ထိုစဉ် အသတ်ခံရသော ဦးကြည်မိုးချစ် ရောက်လာကာ ခွေးစာကျွေးရန်ခေါ်သည်ကို မသွားပဲ " ခင်ဗျားက ဘာလူပါး ဝတာလဲ။ ပိုက်ဆံပေးပြီးခိုင်းတာဆိုပြီး လူပါးဝတာလား” ဟု ပြောဆိုကာ ဦးကြည်မိုးချစ်အား လုံးထွေး သတ်ပုတ်ကြောင်း ဇနီးဖြစ်သူမှ ကျေးဇူးရှင် အလုပ်ရှင်ကိုမလုပ်သင့်ကြောင်း ဆက်လုပ်ပါကသူ့ကိုယ်သူ သတ်သေပစ်မည်ဟု ပြောသဖြင့် ရပ်တန့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးကြည်မိုးချစ်အား အပြင်လိုက်ခဲ့ရန်ခေါ်သွားပြီး အနီးနားတွင် ထောင်ထားသည့် ရဲဒင်းဖြင့် ခုတ်ချ ခဲ့ရာ ဦးကြည်မိုးချစ်မှာ လဲကျသွားခဲ့ကြောင်း၊ တဆက်ထဲမှာပင် ဦးကြည်မိုးချစ်၏သားဖြစ်သူထံ ကိုစိုးမင်းအောင် ကဖုန်းဖြင့် ဆက်သွယ်ခဲ့ကာ ခြံဘေးတွင် ဒဏ်ရာများနှင့် လဲကျနေကြောင်း အကြောင်းကြားခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။ ဦးကြည်မိုးချစ်သည် ပက်လက်လန်လျက် ယာဘက်လက်ခုံပြတ်ရှ ဒဏ်ရာ၊ ဝဲဘက်မျက်နှာချိုင့်ဝင် ဒဏ်ရာများရရှိကာသေဆုံးနေပြီး နာရေးကို ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက် အသက် ၃၈နှစ်အရွယ်ရှိသော ကိုစိုးမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၁၉၅၉/ ၂၀၁၈ ၃၀၂ဖြင့် မုဒုံရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly