အဓမ္မအလုပ်ခိုင်းစေပြီးလုပ်ခလစာခေါင်းပုံဖြတ်သူအားထောင်ဒဏ် (၂၀)နှစ် ချမှတ်

By မျိုးထွန်းနိုင်
13 December 2018
အဓမ္မအလုပ်ခိုင်းစေပြီးလုပ်ခလစာခေါင်းပုံဖြတ်သူအားထောင်ဒဏ် (၂၀)နှစ် ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ။             ။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဂိုဒေါင်တစ်ခုတွင် လူငယ်တစ်ဦးအား အဓမ္မအလုပ် ခိုင်းစေပြီး လုပ်အားခများကို ခေါင်းပုံဖြတ်ခဲ့သူအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာတွင် နေထိုင်သော (၁၆)နှစ် အရွယ်ရှိသည့် လူငယ်တစ်ဦးအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိဂိုထောင်တစ်ခုအတွင်းနေ့စဉ် ကြက်မွှေး နှုတ်ခြင်း၊ ကြက်သွန်လှီးခြင်းများကို (၈) လခန့် အဓမ္မခိုင်းစေပြီး လုပ်အားခများခေါင်းပုံဖြတ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ လုပ်အားခများကို ခေါင်းပုံဖြတ်သူမှာ ဒဂုံမြို့သစ်တောင်ပိုင်း(၇)ရပ်ကွက်၊ ခရေလမ်းတွင် နေထိုင်သော နိုင်ဦး(ခ) ကျော်မင်းဦး (၂၂)နှစ်၊ (ဘ)ဦးကျော်ဦးဖြစ်ပြီး ယင်းကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တောင်ပိုင်း ခရိုင်တရားရုံးက ရာကြီးအမှုအမှတ် ၆၅/၂၀၁၇၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ-၂၈(က)အရ အလုပ်နှင့်ထောင်ဒဏ် အနှစ် (၂၀)ချမှတ်ခဲ့ခြင်းဖြစ်သည်။

 ထို့အပြင် အမှုမှထွက်ပြေး တိမ်းရှောင်နေသော ဒေါ်ဖာသမန်နှင့်ကျော်သူ(ခ)ကိုပု(ခ)ထွန်းလွင်တို့ကိုလည်း တရားခံပြေးအဖြစ် ကြေငြာကာ စုံစမ်းဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly