သြစကြေးလျ အဓိကအပန်းဖြေကမ်းခြေတွင် ရုတ်တရက် မြေကျွံတွင်းကြီး ပေါ်လာပြီး ကားများ တဲများကို စုပ်ယူသွားခဲ့ဟုဆို

သြစကြေးလျ အဓိကအပန်းဖြေကမ်းခြေတွင် ရုတ်တရက် မြေကျွံတွင်းကြီး ပေါ်လာပြီး ကားများ တဲများကို စုပ်ယူသွားခဲ့ဟုဆို

ဖရေဇာကျွန်း၊ စက်တင်ဘာ-၂၈ ။          ။ ရက်သတ္တပတ်အဆုံးရက်များက သြစတြေးလျ၏ ကမ္ဘာလှည့်များအပန်းဖြေရာ အဓိကကမ်းခြေတစ်ခုတွင် ဧရာမတွင်းကြီးတစ်တွင်း ပေါ်ထွက်လာပြီး အပန်းဖြေယာဉ်တစ်စင်း၊ ကားတစ်စင်း၊ ထရေလာတစ်စင်းနှင့် တဲအချို့ကို စုပ်မျိုသွားခဲ့သောကြောင့် အပန်းဖြေသူများ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

ဒေသတွင်းမီဒီယာ၏ သတင်းပို့ချက်အရ စက်တင်ဘာ ၂၆ရက်နေ့ ညနေခင်းက ကွင်းစလင်း၏ နာမည်ကျော် ဖရေဇာကျွန်းပေါ်ရှိ Inskip Point တွင် အလျား ၂၀၀မီတာနှင့် အနံ ၅၀မီတာရှိသည့် တွင်းချောက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသော်လည်း စခန်းချအပန်းဖြေနေသူ ၃၀၀ခန့်ကိုမူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

''လူတွေက သူတို့ရဲ့ ဗန်ကားတွေနဲ့ တွင်းနှုတ်ခမ်းပေါ်မှာ ရှိနေခဲ့ပြီး ဗန်ကားကို အပြင်ကိုဆွဲထုတ်ဖို့ သွေးရူးသွေးတန်းကြိုးစားနေခဲ့ကြတယ်''ဟု စခန်းချအပန်းဖြေသူ ဆီဗီရာ မော်ရေးက အေဘီစီသတင်း ဌာနသို့ ပြောကြားခဲ့သည်။

''ငါတို့ကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလို့ ထင်ခဲ့မိတယ်။ စခန်းချနေရာမှာ တွင်းကြီးပေါ်လာပြီး မျိုချသွားတာ မြန်လွန်းလှလို့ တကယ်ကို ကြောက်လန့်မိတယ်''ဟု အခြားစခန်းချသူတစ်ဦးဖြစ်သည့် မီလနီ ဝစ်သာစပွန်းက ဖေ့စ်ဘုတ်ပို့စ်တွင် ရေးသားခဲ့သည်ဟု ဘရစ်စဘိန်း သတင်းစာစောင် Courier-Mail က ကိုးကားဖော်ပြခဲ့သည်။

မြေကျွံတွင်းများမှာ အက်ဆစ်ဂုဏ်သတ္တိရှိသည့် ရေတွင် ကျောက်လွှာများ အရည်ပျော်သွားသည့်အခါ တွင် ဖြစ်ပေါ်နိုင်သကဲ့သို့ ငလျင်များကြောင့်လည်း ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။ အေဘီစီ သတင်းအရ ယခုအခါ သိပ္ပံပညာရှင်များက အကြောင်းရင်းကို အတိအကျ သိရှိနိုင်ရန်အတွက် မြေပြင်ဖောက်ထွင်း ရေဒါနည်းပညာဖြင့် စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

သို့ရာတွင် မြေကျွံတွင်းစစ်စစ်မဟုတ်ဘဲ၊ ကမ်းနီးမြေပြိုမှုသာ ဖြစ်နိုင်ခြေများသည်ဟုလည်း သြစတြေးလျ အမျိုးသားပန်းခြံဌာနက ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။ ယခုမြေကျွံတွင်းမှာ ၉မီတာကျော်နက်သည်ဟုလည်း Courier-Mail သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly