ငွေကြေးအရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်လာရန် ယူကေအစိုးရက စတာလင်ပေါင် ၄သန်း ရင်းနှီး မတည်မည်

By မိုးမြင့်ဇော်၊ ကျော်စွာထွန်း
12 December 2018
ငွေကြေးအရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်လာရန် ယူကေအစိုးရက စတာလင်ပေါင် ၄သန်း ရင်းနှီး မတည်မည်

ဒီဇင်ဘာ ၁၂ ။          ။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးအရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယူကေအစိုးရ နိုင်ငံတကာဖွ့ံဖြိုးရေးဌာန (DFID)မှ စတာလင်ပေါင် ၄သန်းခန့် ရင်းနှီးမတည်သွားမည် ဖြစ်ကြောင်း ဗြိတိသျှ သံအမတ်ကြီး ဒန်ချက်ကပြောသည်။

 "ယူကေနိုင်ငံတကာကုန်သွယ်ရေးဌာနကနေပြီးမှ မြန်မာနိုင်ငံအတွက် ပေါင်လေးသန်းတန် စီမံကိန်းကိုစတင် မိတ်ဆက်ဖို့ ကြေညာတာဖြစ်ပါတယ်။ ရန်ပုံငွေကိုတော့ Asia Develop Bank (ADB) က ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ငွေလုံးငွေရင်းစျေးကွက် ဖွ့ံဖြိုးတိုးလာအောင်တည်ဆောက်ပေးတဲ့နေရာမှာ အသုံးချ သွားဖို့ ရည်ရွယ်တဲ့ ရန်ပုံငွေ အထောက်အပ့ံဖြစ်ပါတယ်" ဟု ၎င်း ကပြောသည်။

 
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ငွေရေးကြေးရေးကဏ္ဍပံ့ပိုးမှု မြှင့်တင်ရန်အတွက် DFID က စီမံကိန်း စတင်အကောင်အထည်ဖော်သည့် သတင်းမီဒီယာများတွေ့ဆုံရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ဒီဇင်ဘာ ၁၂ရက်နေ့က ကျင်းပခဲ့သည်။

 ယခုစီမံကိန်းသည် DFID ၏ ပုဂ္ဂလိကကဏ္ဍဖွ့ံဖြိုးတိုးတက်ရေးအစီစဉ်တစ်ခုဖြစ်သည့် ဘတ်ဂျက် စတာလင် ပေါင် ၅၅သန်းခန့်ရှိသော ပိုမိုကျယ်ပြန်သောကြွယ်ဝချမ်းသာမှု ညီတူညီမျှရှိရေး စီးပွားရေးလုပ်ငန်း Business for Shared Prosperity (BPS) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရသည်။

 "၂၀၁၉ကနေစပြီး ၂၀၂၂ အထိလုပ်ဆောင်သွားမယ်။ ပထမအဆင့်ကတော့ ဘာတွေလိုအပ်နေသလဲဆိုတဲ့ ပထမဆုံးရောဂါရှာတဲ့အဆင့်က အရေးကြီးပါတယ်။ လက်ရှိအချိန်မှာ အရင်းအနှီးစျေးကွက်မြန်မာနိုင်ငံမှာ အခြေချ ထူထောင်ဖို့အတွက် ဖွ့ံဖြိုးဖို့အတွက် ဘာအရေးကြီးနေသလဲဆိုတာကို အရင်ဖော်ထုတ် ဆန်းစစ်မယ်" ဟု အာရှဖွ့ံဖြိုးရေးဘဏ် ADB မှ ကိုယ်စားလှယ် မစ္စစ်ဆိုဖီကပြောသည်။

အဆိုပါစီမံကိန်းကို အာရှဖွ့ံဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အ ရင်းအနှီးစျေးကွက်ကို ပြည်တွင်းကျပ်ငွေဖြင့် လည်ပတ်နိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေချေးစာချုပ် စျေးကွက် ဖွ့ံဖြိုးတိုးတက်ရေးရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယူကေအစိုးရသည် ဂျပန်ပြီးလျှင် မြန်မာနိုင်ငံကို ဒုတိယအများဆုံး ကူညီ ပံ့ပိုးမှုလုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly