သရုပ်ဆောင်မိုးအောင်ရင်အား ထောင်ဒဏ် ၁၂ နှစ် ချမှတ်

သရုပ်ဆောင်မိုးအောင်ရင်အား ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။            ။ သရုပ်ဆောင်မိုးအောင်ရင်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် မိုးအောင်ရင်အား အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ် နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ ရည်စားဖြစ်သူနေအိမ်တွင်ဖမ်းဆီးရမိခဲ့ခြင်းကြောင်း ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားခဲ့သည်။

ထို့အပြင် မိုးအောင်ရင်၏ နေအိမ်ဖြစ်သော တာမွေမြို့နယ်ရှိနေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာ ဖွေခဲ့ရာ မိုးအောင်ရင်၏ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအတွက် တရားလိုပြသက်သေ ၁၄ ဦး၊ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မိုးအောင်ရင် အပါအဝင် ၃ ဦးနှင့် တရားခံပြသက်သေ ၁၆ ဦးတို့အား စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးမှ သရုပ်ဆောင် မိုးအောင်ရင်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်၊ဘုန်းမြင့်အောင် (ခ) ဒေးဗစ်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် ထောင်ဒဏ် ၁၂ နှစ်နှင့် သုံးစွဲမှု ပုဒ်မ ၁၅ဖြင့် ထောင်ဒဏ် ၃ နှစ်၊ လူလူသန်းဦးအား သုံးစွဲမှုဖြင့်ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

ပုဇွန်တောင်တွင် ဖမ်းဆီးရရှိမှုအတွက် နိုဝင်ဘာလ ၂၆ ရက်က ပုဇွန်တောင်တရားရုံးတွင် ဥပဒေပုဒ်မ- ၁၅/၁၆ (ဂ)ဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၅ အရ ထောင်ဒဏ် ၃နှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၆(ဂ) အရ ထောင်ဒဏ် ၅ နှစ်၊ ယင်းပြစ်ဒဏ်နှစ်ရပ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည့်အတွက် သရုပ်ဆောင် မိုးအောင်ရင်မှာ ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly