Facebook ဌာနချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား

Facebook ဌာနချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား

ဒီဇင်ဘာ ၁၂ ။           ။ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိတဲ့ လူမှုကွန်ရက်ကုမ္ပဏီ Facebook ရဲ့ ရုံးဌာနချုပ်ဝင်းအတွင်း ဗုံးလန့်မှု တစ်ခု ဖြစ်ခဲ့ပြီး အဆောက်အဦးတစ်ချို့ကို ရှင်းလင်းခဲ့ရကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၁ ရက် က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Menlo Park မှာ ရှိတဲ့ Facebook ရုံးချုပ်ဝင်းအတွင်းက အဆောက်အအုံတစ်ချို့မှာ ရှိသူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပြီး ဗုံးရှာဖွေ ရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အားလုံး ဘေးကင်းကြောင်းနဲ့ ဖြစ်စဉ်အပေါ် ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

Facebook ရဲ့ Silicon Valley ဌာနချုပ်က အဆောက်အအုံတစ်ခုကို ဗုံး ခြိမ်းခြောက်မှု သတင်းတစ်ခုရလို့ သွားရောက်ရှင်းလင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့ကလည်း ပြောပါတယ်။

ဒါပေမယ့် ရှင်းလင်းရေး လုပ်ငန်းတွေအပြီးမှာတော့ မည်သည့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခုကိုမှ မတွေ့ခဲ့ရဘူးလို့လည်း သိရပါတယ်။

အဆိုပါ Facebook ဝင်းအတွင်း ဗုံးခြိမ်းခြောက်မှု နဲ့ပတ်သက်လို့ အမည်မဖော်လိုသူတစ်ဦးဆီက အကြောင်းကြားသတင်းပေးမှုကို နယူးယော့ခ် ရဲဌာနက လက်ခံရရှိပြီးနောက် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီ တပ်လှန့်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly