ခိုင်ထူးရဲ့ နာမည်ကြီးသီချင်းတွေကို ပြန်လည်သီဆိုထားတဲ့ တေးစီးရီး ထွက်ရှိမယ်

By ကျော်စွာထွန်း
11 December 2018
ခိုင်ထူးရဲ့ နာမည်ကြီးသီချင်းတွေကို ပြန်လည်သီဆိုထားတဲ့ တေးစီးရီး ထွက်ရှိမယ်
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။           ။ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးသံရှင် ခိုင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုထားသော " အားလုံးကိုကျော်ဖြတ်ရမယ်" တေးစီးရီး ထွက်ရှိတော့မယ်လို့ သိရပါတယ်။

ဒီတေးစီးရီးမိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖြန့်ချိသွားမယ်လို့ သိရပြီး ခိုင်ထူးရဲ့ နာမည်ကြီးသီချင်းတွေ ဖြစ်တဲ့ အားလုံးကို ကျော်ဖြတ်ရမယ်၊ ခတ္တာ၊ အဥၥလီ၊ နှင်းဝေတဲ့ ဆောင်း သီချင်းတွေအပါအဝင် သီချင်း ၁၅ ပုဒ် ပါဝင်ပါတယ်။

ဒီတေးစီးရီးတွေမှာ တေးသံရှင် စိုင်းဝမ်းထူးနဲ့ အတူ  အဆိုတော် ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ ခင်စုစုနိုင်၊ ဝိုင်းလေး၊ Jewel ၊ ထိုက်ထိုက်၊ ကေကေမိုးနဲ့ ဝတ်ရည်ထက် တို့က ပါဝင်သီဆိုထားပါတယ်။

ဒီလို အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေကို ပြန်ဆိုရာမှာ အမြင်မတူညီတာတွေ ရှိတာကြောင့် ဖိအားတွေရှိလို့ သီချင်းအသစ်တွေကို သီဆိုရတာ ပိုနှစ်သက်တယ်လို့ ဒီအခွေတွင် ပါဝင်သီဆိုထားသော တေးသံရှင် ဝိုင်းလေးက ပြောပါတယ်။

" မူရင်းအဆိုတော်ရဲ့ ဖန်တီးမှုပေါ်မှာ ကိုယ့်ရဲ့ Style ကို ပြန်ခွဲထွက်ရတာဆိုတော့ သူတို့ရဲ့ ပရိသတ်အစွဲ ရှိတယ်။ သီချင်းစွဲ ရှိတယ်။ ပုဂ္ဂိုလ်စွဲ ရှိတယ်။ ဒါတွေက ရုန်းထွက်နိုင်မှ ရမှာပါ။ ဝိုင်းလေးတို့ ကိုယ်တိုင်လည်း မူရင်းအဆိုတော်ကို ပိုပြီး ကြိုက်တာ ရှိတယ်" လို့ ၀ိုင်းလေးက ပြောပါတယ်။

ပြန်ဆိုတေးတွေကြောင့် မူရင်းအဆိုတော်ကြီးတွေကို အမှတ်တရ ရှိစေတယ်လို့လည်း အဆိုတော် ခိုင်ထူးရဲ့ တေးရေး ကိုနေဝင်းက ဆိုပါတယ်။

" ခိုင်ထူးကိုတော့ ဘယ်လိုလုပ်ပြီး မှီမလဲပေါ့လေ။ သူတို့လည်း တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင်တော့ ဆိုထားပါတယ်။ နားထောင်ရတာ အဆင်ပြေပါတယ်။" လို့ ခိုင်ထူးသီချင်းတွေကို အများဆုံး ရေးစပ်ပေးခဲ့တဲ့ တေးရေး ကိုနေဝင်းက ပြောပါတယ်။

တေးသံရှင် ခိုင်ထူးဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ ပါရမီဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်မှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly