ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

By မျိုးထွန်းနိုင်
11 December 2018
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
ဓာတ်ပုံ-Marise Payne

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။            ။ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Senator The Hon Marise Payne သည် ဒီဇင်ဘာ ၁၂ မှ ၁၃ ရက်အတွင်း မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ သိရသည်။

အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိများနှင့်တွေ့ဆုံမည်ဟုသိရပြီး ရန်ကုန်၊ နေပြည်တော်နှင့် စစ်တွေမြို့များသို့ သွားရောက် မည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှု အကူ အညီများပေးနေသည့် မိတ်ဖက်များနှင့် တွေ့ဆုံကာ နေရပ်စွန့်ခွာခဲ့ရသူ ၁၂၉,ဝဝဝဦးတို့၏ အခြေခံ လိုအပ်ချက် များကိုကာမိရန် ပေးအပ်နေသော ဩစတြေးလျ၏အကူအညီများအကြောင်းကိုလည်း ဆွေးနွေးမည်ဟု သိရ သည်။

 ဩစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်အတွင်း လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းအတွက် ရေရှည် တည်တံ့သောအဖြေကိုရှာနိုင်ရန် မြန်မာနိုင်ငံ၊ ဒေသတွင်းနှင့် အခြားမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ထို့အပြင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်း၏ မှတ်ချက်များ၊ ရလဒ်များ အပါအဝင် ရခိုင်ပြည်နယ်တွင် ဖြစ်ထွန်းနေသောအခြေအနေများနှင့် ပတ်သက်၍ ဩစတြေးလျမှ စိုးရိမ်မိ ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

 မြန်မာနှင့် ဩစတြေးလျတို့သည် အင်ဒိုပစိဖိတ်ဒေသတွင်းမှ မိတ်ဖက်များဖြစ်သကဲ့သို့ အဓွန့်ရှည်ကြာသော ဆက်ဆံရေးရှိပြီး အာဆီယံနှင့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲတို့မှတဆင့် ဒေသတွင်းမှအရေးကြီးဦးစားပေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံမှ သမ္မတနှင့်ဇနီးတို့လည်း ဒီဇင်ဘာ ၁ဝရက် နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly