ရမ်းဗြဲမြို့နယ်မှ မူလတန်းပြဆရာမ အသတ်ခံရမှု တရားခံဖမ်းမိ

ရမ်းဗြဲမြို့နယ်မှ မူလတန်းပြဆရာမ အသတ်ခံရမှု တရားခံဖမ်းမိ

ရန်ကုန်၊ဒီဇင်ဘာ ၁၁ ။           ။ ရမ်းဗြဲမြို့နယ်၊စည်ရင်းကျေးရွာမှ မူလတန်းပြဆရာမ တစ်ဦး အသတ်ခံရမှုအတွက် တရားခံကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး လေးထောင်နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း စည်ရင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်အုန်းက ပြောသည်။

" သေသွားတဲ့သူက မူလတန်းပြဆရာမပါ။ သူ့ကိုသတ်တဲ့သူကိုလည်းမိပါပြီ။ ဒီနေ့မနက် အစောပိုင်းက မိတယ်လို့ ကြားတယ်။ " ဟု စည်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အုန်းက ဆိုသည်။

ရမ်းဗြဲမြို့နယ်၊ စည်ရင်းကျေးရွာမှ မူလတန်းပြကျောင်းဆရာမ ဒေါ်မေဇင်နှင်းသည် ဒီဇင်ဘာ ၁ဝ ရက်နေ့ နံနက်ပိုင်းတွင် သူမနေထိုင်ရာ စည်ရင်းကျေးရွာမှ ၄ မိုင်ခန့်ဝေးသည့် အတွင်းပြင်အုပ်စုရှိ တောင်ရွာ ကျေးရွာ မူလတန်းကျောင်းသို့ စာပြရန် သွားရောက်စဉ် လမ်း၌ အသတ်ခံလိုက်ရခြင်းဖြစ်သည်။

ဆရာမအားသတ်သွားသူမှာ မာန်အောင်မြို့နယ် နတ်ပြင်ကျေးရွာမှ ရွှေထူး(ခ)အေးချမ်း(၂၁ နှစ်)ဖြစ်ပြီး သက်သေခံပစ္စည်းများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ တောချက်အရက်နှင့်ဓနိရည်များကို အလွန်အကျွံ သောက်သုံးထားရာမှ၊ အခင်း ဖြစ်ချိန် တွင် လူသွားလူလာပြတ်လပ်သည်ကို အခွင့်ကောင်းယူကာ ကာမရာဂစိတ် ပြင်းထန်ပြီး ပြစ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဆရာမ၏ ပျောက်နေသည့်လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဆိုင်ကယ် အနီတစ်စီးကိုလည်း ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆရာမ၏ နာရေးကို ဒီဇင်ဘာ ၁၁ ရက်နေ့၊ နေ့လယ် ၂ နာရီတွင်  စည်ရင်းကျေးရွာ၌ သင်္ဂြိုဟ် ခဲ့ကြောင်း သိရသည်။

 ဓာတ်ပုံ - ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly