နယ်စပ်ရှိ သဘာဝနယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနှင့် ထိုင်း သုံးလတစ်ကြိမ် ဆွေးနွေးမည်

နယ်စပ်ရှိ သဘာဝနယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနှင့် ထိုင်း သုံးလတစ်ကြိမ် ဆွေးနွေးမည်
  နတ်အိမ်ထောင် နယ်ခြားစခန်းမှာ ဒီဇင်ဘာလ ၇ ရက်က နှစ်နိုင်ငံ ဝန်ထမ်းများ တွေ့ဆုံနေကြစဉ်။(ဓာတ်ပုံ-လူနိုင်သစ်)

မန္တလေး၊ဒီဇင်ဘာ ၁၁ ။                 ။ နယ်စပ်ရှိ သဘာဝနယ်မြေထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ သုံးလ တစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းမှ ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးချစ်လှိုင်ဝင်းက မဇ္ဈိမကိုပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်နှင့်ရေဖြူမြို့နယ်အတွင်းရှိ တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်းဝန်ထမ်းများနှင့် ထိုင်းနိုင်ငံရှိ Thong Pha Phum အမျိုးသားဥယျာဉ်၊Sai Yok အမျိုးသားဥယျာဉ်တို့မှ ဝန်ထမ်းများသည် ဒီဇင်ဘာလ ၇ ရက်၊နံနက်ပိုင်းက နတ်အိမ်ထောင်နယ်ခြားစခန်းတွင် တွေ့ဆုံဆွေးမှုများ ပြုလုပ်ခဲ့ပြီး သုံးလတစ်ကြိမ်တွေ့ဆုံဆွေးရန် နှစ်ဘက်သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ဦးချစ်လှိုင်ဝင်း ကပြောသည်။

 မြန်မာနိုင်ငံ၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးချစ်လှိုင်ဝင်း၊ထားဝယ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မိုးနှင့်စီမံကိန်း ဦးစီးအရာရှိ ဦးအောင်ရဲဝင်းတို့ ဦးဆောင်၍ ဝန်ထမ်း ၇ ဦး၊ထိုင်းနိုင်ငံ Thong Pha Phum National Park မှHead of Park Mr,Charoen Jaichon ၊ Park Panger Mr,Jmpon Phthhomတို့ဦးဆောင်သည့် နယ်ခြားလုံခြုံရေးတပ်၊ ရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သော ၁၀ ဦးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှ သုံးလတစ်ကြိမ်တွေ့ဆုံရန်နှင့်နှစ်နိုင်ငံ ပူးတွဲကင်းလှည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသေးစိတ် ဆက်လက်ဆွေးနွေးသွားရန် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ဦးချစ်လှိုင်ဝင်းကဆိုသည်။

 နယ်စပ်ဒေသရှိ သဘာဝနယ်မြေထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံဝန်ထမ်းများ အောက်ခြေ အဆင့် တွေ့ဆုံခြင်းနှင့်ပူးတွဲဆောင်ရွက်ခြင်းလုပ်ငန်းသည် ယခုအကြိမ်မှာ ပထမဆုံးဖြစ်ပြီး နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် လိုအပ်နေကြောင်းလည်းသိရသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်နှင့် ရေဖြူမြို့နယ် အတွင်း တည်ရှိပြီး ဧရိယာအားဖြင့် ၄သိန်း နှစ်သောင်းကျော်ရှိကြောင်း သိရသည်။မြောက်ဘက်တွင် မွန်ပြည် နယ်၊ ရေးမြို့နယ် နယ်စပ်မှတောင်ဘက် ထားဝယ်၊မေတ္တာမြို့နယ် နယ်စပ်အထိ၊အနောက်ဘက် ထားဝယ်မြစ် နှင့် အရှေ့ဘက်ထိုင်းနိုင်ငံနယ်နိမိတ်တလျှောက်တို့ဖြင့် ထိစပ်လျှက်ရှိသည်။သစ်တောဦးစီးဌာနမှ ဝန်ထမ်း ၂၆ ဦး၊ဒေသခံ စီမံကိန်းဝန်ထမ်း ၄၅ ဦး၊စုစုပေါင်း ၇၁ ဦးဖြင့် စီမံကိန်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်။

 သဘာဝနယ်မြေ ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များအနက် အရေးအကြီးဖြစ်သည့် ကင်းလှည့်ထိန်းသိမ်းရေး လုပ်ငန်းကို နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော SMART Patrolling နည်းစနစ်အတိုင်း ဆောင်ရွက်ရသည် ဟု ဦးချစ်လှိုင်ဝင်းကဆိုသည်။

 အရှေ့ဘက်ထိုင်းနိုင်ငံရှိ Thong Pha Phum National Park ၊ Sai Yok National Park တို့တွင်လည်း SMART Patrolling နည်းစနစ်ဖြင့် ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ သဘာဝထိန်းသိမ်း ရေး နယ်မြေများ ထိစပ်နေခြင်း၊ဆောင်ရွက်သည့် နည်းစနစ်များတူညီခြင်း၊တောရိုင်း တိရစ္ဆာန်များကူးလူး သွားလာမှုရှိခြင်း၊တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ၊အစိတ်အပိုင်းများ တရားမဝင် သယ်ဆောင်မှုများကို ထိန်းချုပ်ရန် လိုအပ်ခြင်း အစရှိသော လုပ်ငန်းသဘာဝ ထိန်းသိမ်းရေးနယ်မြေ တာဝန်ယူဆောင်ရွက်နေမှုများ တူညီနေခြင်းကြောင့် နှစ်နိုင်ငံပူးတွဲ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်ကြောင်းသိရသည်။

 သဘာဝထိန်းသိမ်းခြင်းများဆောင်ရွက်သည့်လုပ်ငန်းများကို ထိုင်းနိုင်ငံမှ ခေတ်မီစက်ကရိယာ အသုံးဆောင် ပစ္စည်းများ ယာဉ်များအသုံးပြု၍ ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းမှုများ ဆောင်ရွက် ရာတွင် ခေတ်မီ စက်ကရိယာ အသုံးဆောင် ပစ္စည်း၊ယာဉ်များမရှိ၍ အခက်အခဲ အချို့ရှိကြောင်း လည်းသိရ သည်။

 ပူးတွဲဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ကူညီထောက်ပ့ံပေးများလုပ်ဆောင်ရန် လိုအပ်နေကြောင်းလည်းသိရသည်။

တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်းကို မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေး ကုမ္ပဏီ၊တနင်္သာရီ ပိုက်လိုင်းကုမ္ပဏီ၊ အက်ဒမန်ပို့ဆောင်ရေး လီမိတက်တို့၏ ကူညီထောက်ပ့ံမှုတို့ဖြင့် သစ်တောဦးစီးဌာနက ဦးစီး၍ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို နှစ် ၃၀ စီမံကိန်းဖြင့် ဆောင်ရွက် လျက်ရှိသည်။

 ယခုလုပ်ဆောင်နေသည့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နှစ်ရှည် စီမံကိန်းလည်း ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတောင်ဖျားရှိ အပူပိုင်း မုတ်သုံသစ်တောများနှင့်ဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တည်တ့ံစေရေး၊ ဒေသ ခံပြည်သူများ အသိစိတ်ဓါတ်မြင့်မားစွာဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေး၊ သယံဇာတ အရင်းအမြစ်ပစ္စည်းများကို စဉ်ဆက်မပြတ်ရေရှည် သုံးစွဲနိုင်ရေးနှင့်ဒေသခံပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly