ဦးသန့်ဂူဗိမာန်တွင် အခမ်းအနားလုပ်ခွင့်မပြုခြင်းအပေါ် မေးခွန်းထုတ်

ဦးသန့်ဂူဗိမာန်တွင် အခမ်းအနားလုပ်ခွင့်မပြုခြင်းအပေါ် မေးခွန်းထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။         ။ ကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး (General secretary of UN ) ရာထူးကို အာရှတိုက် တွင်ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သော ဦးသန့်၏ စျာပနအရေးအခင်း ၄၄ နှစ်မြောက်ကို ဦးသန့် ဂူဗိမာန်တွင် ပြုလုပ်ခွင့်မပြုခြင်းအပေါ် ပွဲကျင်းပသူများကမေးခွန်းထုတ်လိုက်ကြသည်။

 အဆိုပါ ၄၄ နှစ်မြောက် ဦးသန့်အရေးအခင်းအထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ရှိ ပေါက်စေတီကျောင်းတိုက်တွင် ဒီဇင်ဘာ ၁၁ ရက်၌ ပြုလုပ်စဉ် အဆိုပါအရေးအခင်းတွင် ပါဝင်ကြသူများက မေးခွန်းထုတ်လိုက်ကြခြင်း ဖြစ်သည်။

 “ ဘဝတွေကျွန်တော်တို့ပေးလာခဲ့ရတာ။ ဒီနေ့ဦးသန့်ရဲ့မိသားစု ကျွန်တော်တို့နဲ့မဆိုင်ဘူးပြောတယ်။ ကုလ သမဂ္ဂအတွင်းရေးမှူးဘန်ကီမွန်းလာတယ်။ မြန်မာပြည်ကိုရောက်လာတဲ့အချိန်မှာ ဦးသန့်ရဲ့ဗိမာန်မှာ ငြိမ်းချမ်းရေးအလံကြီးကိုထူခဲ့တယ်။ ဖယောင်းတိုင်တွေထွန်းတယ် အဲ့ဒါဘာသဘောလဲ”  ဟု ဦးသန့် အရေးအခင်းတွင် ဦးဆောင်ပါဝင်သူ ဦးသောင်းထိုက်ကပြောသည်။

 ထို့အပြင် အဆိုပါဂူဗိမာန်မှာ ၁၉၇၄ ခုနှစ် ဦးသန့်ကွယ်လွန်ချိန်တွင် အရေးအခင်း ဦးဆောင်သူများမှ ဦးဆောင် ကာ အများပြည်သူထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပွဲကျင်းပရေး တာဝန်ခံများက ဆိုသည်။                                                                                                                                                                         

 “အဲ့ဒီဂူဗိမာန်က အစိုးရပိုက်ဆံမပါပါဘူး။ ပြည်သူ့ပိုက်ဆံနဲ့ အရေးအခင်းကဦးဆောင်လုပ်ခဲ့တဲ့ ဥစ္စာကို အစိုးရက သိမ်းသွားပြီးတော့ ဆောက်တာပါ။ အဲ့ဒီ့ဆောက်တဲ့ အဆောက်အဦးကြီးကို ဒီနေ့ ဦးသန့်မိသားစုက ကျွန်တော်တို့ကို အဲ့ဒီ့မှာအခမ်းအနားလုပ်ခွင့်တောင်မပေးပါဘူး” ဟု ပွဲကျင်းပရေးတာဝန်ခံ ဦးကိုကိုလေး ကပြောသည်။

 ထို့သို့ကျင်းပခွင့်မပေးသည့်အတွက် ဝမ်းနည်းမိကြောင်းလည်း ဦးကိုကိုလေးကဆိုသည်။

 ဦးသန့်ကွယ်လွန်ချိန်တွင် အစိုးရမှ ကြံတောသချႋုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း အသိပေးကြေညာ ချက်နှင့် ပတ်သက်ပြီး ပြည်သူလူထုသည်မကျေမနပ်ဖြစ်ခဲ့ကြဖူးသည်။ထိုအချိန်တွင် ကျောင်းသားနှင့် ပြည်သူတချို့က ဦးသန့် ရုပ်အလောင်းကို တသီးတသန့် မြှုပ်နှံမည်ဟုဆိုကာလုယူခဲ့ကြပြီး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နေရာဟောင်းတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြသည်။

 ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်အစောပိုင်းတွင် အစိုးရမှကျောင်းဝင်းထဲသို့ ဝင်ရောက်ကာ ဦးသန့်၏ ရုပ်အလောင်းကို ပြန်လည်ယူဆောင်ပြီး ရွှေတိဂုံစေတီတော်ခြေတော်ရင်းရှိ ယခုလက်ရှိနေရာတွင် မြှုပ်နှံ ပေးလိုက်ခြင်းဖြင့် အရေးအခင်းပြီးဆုံးခဲ့ခြင်းဖြစ်သည်။

 ဦးသန့်သည် ဧရာဝတီတိုင်း ၊ ပန်းတနော် ဇာတိ ဖြစ်ပြီး ၁၉၀၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ ့မှ ၁၉၇၂ ခုနှစ် ဇန်နဝါရီ ၁ရက်နေ ့အထိ ကမ္ဘာကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ရာထူးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly