၂၀၁၉ နှစ်ကုန်တွင် မန္တလေးတစ်မြို့လုံး လမ်းမီးများ လင်းစေမည်ဟု မြို့တော်ဝန်ဆို

၂၀၁၉ နှစ်ကုန်တွင် မန္တလေးတစ်မြို့လုံး လမ်းမီးများ လင်းစေမည်ဟု မြို့တော်ဝန်ဆို
 (ဓာတ်ပုံ၊ဒေါက်တာရဲလွင်)

မန္တလေး၊ ဒီဇင်ဘာ ၁၁ ။            ။ ၂၀၁၉ခုနှစ်အကုန်တွင် မန္တလေးတစ်မြို့လုံးနီးပါး လမ်းမီးများလင်းစေမည်ဟု မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကပြောသည်။

"၂၀၁၈-၁၉ မူလဘတ်ဂျက်မှာ လမ်းမီးလင်းရေးအတွက် ၂.၃ဘီလျံကျော် လျာထားပြီး မီးလုံး ၉၀၀၀ ကျော်နဲ့ တိုင်တွေဝယ်ယူသွားမှာမို့ ၂၀၁၉နှစ်ကုန်လောက်မှာ တစ်မြို့လုံး နီးပါးလင်းလာမှာပါ။"ဟု ဒေါက်တာရဲလွင် ကပြောသည်။

ပြောင်းလဲချိန်တန်ပြီဆိုသည့် ဆောင်ပုဒ်နှင့်အညီ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက် နေသည့် လုပ်ငန်းများထဲတွင် တစ်မြို့လုံး လမ်းမီးများလင်းစေရေး လုပ်ငန်းလည်းပါဝင်သည်ဟု ဒေါက်တာ ရဲလွင်ကဆိုသည်။

"မြို့သူမြို့သားတွေကလည်း မိမိမျက်စိအောက်မှာ တစ်လမ်းပြီးတစ်လမ်း လင်းလာတာတွေတွေ့တော့ သဒ္ဓါ ပေါက်ပြီး လှူလိုက်ကြတာ အခုဆို၂၇၅၅သိန်း ရှိနေပါပြီ။အင်/ယာ ဝန်ထမ်းတွေ ရုံးချိန် အလုပ်ချိန်ရယ်လို့ မတွက်တော့ဘဲ အဖွဲ့ ၆ဖွဲ့ဖွဲ့ပြီး နေ့နေ့ညည လုပ်အားပေးနေကြတာ ရက်တိုတိုအတွင်း သတ်မှတ်ချက်ထက် အများကြီးကျော်လွန်ပြီး တည်ဆောက်ပြီးစီးလို့ ကြည်နူးပီတိဖြစ်မိတာ အမှန်ပါ။"ဟု ဒေါက်တာရဲလွင်က ပြောသည်။

ထိုသို့လမ်းမီးများ လင်းလာခြင်းကြောင့် လုယက်မှုများလျှော့နည်းလာပြီး မီးသီးအဟောင်းများနှင့် မီးတိုင် အဟောင်းများကိုလည်း လမ်းမီးမရသေးသည့် နေရာများကို စိုက်ထူပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly