ဒေါ်လာအများအပြား ဝယ်ယူမှုမှာ ဗဟိုဘဏ်မှ စျေးကွက်ထဲ ဝင်ထိန်းခြင်းဟု ဆို

ဒေါ်လာအများအပြား ဝယ်ယူမှုမှာ ဗဟိုဘဏ်မှ စျေးကွက်ထဲ ဝင်ထိန်းခြင်းဟု ဆို
Photo: AFP

ဒီဇင်ဘာ ၁၁ ။       ။ အမေရိကန်ဒေါ်လာကို အလုံးအရင်းနှင့် ဝယ်ယူခြင်းသည် ဘဏ်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး စျေးနှုန်း အတက်အကျ သက်သာအောင် စျေးကွက်ထဲ ဝင်ရောက်ထိန်းသိမ်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

“ အမှန်က Banking Operation ထဲမှာတော့ ဒါ Operation တစ်ခုပဲ။ ကျွန်တော်တို့က အကြောင်း နှစ်ခုရှိတာပေါ့။ စျေးကွက်ထဲကို ဝင်ပြီးတော့ ထိန်းသိမ်းတာပေါ့။ ကျနေတဲ့အချိန်မှာလည်း အကျသက်သာအောင် တက်တဲ့အချိန်မှာလည်း အတက် သက်သာအောင်ပေါ့။ ဒါက Central Bank ရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတစ်ခုပဲ" ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောသည်။

ဒေါ်လာစျေးကျဆင်းချိန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်များတွင် ပြည်တွင်းဘဏ်အချို့မှ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်မှ အလုံးအရင်းဖြင့် ဝယ်ယူခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရှိခဲ့ခြင်းအပေါ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက်က ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ ဘဏ်များအသင်းအဆောက်အဦရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမတွင် Myanmar Credit Bureau Ltd နှင့် Equifax New Zealand Services and Solution Limited တို့ Credit Bureau Software License သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"အများက မီဒီယာမှာ ပြောနေသလို Central Bank က စျေးကျမှာစိုးလို့ ဝယ်တယ်ဆိုတာမျိုးတော့မဟုတ်ဘူး။ ဘဏ်တွေကိုအကျိုးရှိအောင် တမင်တကာလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ လုံးဝမမှန်ဘူး။ ဒါတော့ ကျွန်တော်လုံးဝငြင်းလို့ရတယ် သို့ပေမယ့်လို့ ဆုံးဖြတ်ချက် မှန်တယ်၊ မမှန်ဘူးဆိုတာက လုပ်တဲ့ဆုံးဖြတ်ချက် တိုင်းကတော့အမြဲတမ်း မှန်ချင်မှမှန်မယ်။ မှန်တယ်၊ မမှန်ဘူးဆိုတဲ့ သုံးသပ်ချက်ကကြည့်တဲ့လူအပေါ်မှာလည်း မူတည်တယ်" မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။

ဗဟိုဘဏ်မှ ဒေါ်လာအလုံးအရင်း ဝယ်ယူခဲ့သော အဆိုပါ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၄၇၀ ကျပ်အထိ ကျဆင်းသွားခဲ့ကာ ဒီဇင်ဘာလ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၅၃၀ ကျပ် ပေါက်စျေး ရှိသွားခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်၊ ဗဟိုဘဏ်ပေါက်စျေးအရ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၅၆၁ကျပ် ပေါက်စျေး ရှိနေသည်။

ဗဟိုဘဏ်အနေဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးကို ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် ဒေါ်လာစျေးတက်ပါက ဒေါ်လာထုတ်ရောင်းခြင်း၊ ဒေါ်လာစျေးကျဆင်းပါက ဒေါ်လာဝယ်ယူခြင်းများကို လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

ဒေါ်လာအများအပြား ဝယ်ယူမှုနှင့်ပတ်သက်ပြီး ဗဟိုဘဏ်အနေဖြင့် အရံငွေကြေးအင်အားတောင့်တင်းလာအောင် ဝယ်ယူစုဆောင်းရခြင်းမျိုး ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly