တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများကြောင့် စစ်ရှောင်ဒေသခံများ အခက်ခဲရှိနေ

တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများကြောင့် စစ်ရှောင်ဒေသခံများ အခက်ခဲရှိနေ

ရန်ကုန်၊ဒီဇင်ဘာ၁၀ ။           ။ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာအနီး မိခင်ချောင်းတွင် တပ်မတော်နှင့်ရခိုင့်တပ်AA တို့အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများမှာ အစားစာနှင့် အဝတ်အထည်များလိုအပ်နေကြောင်း သင်းပုန်းတန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကပြောသည်။

 တပ်မတော်နှင့် ရခိုင့် တပ်AAတို့သည် ဒီဇင်ဘာလအတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာ အနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖက်ဝန်းချောင်း ကျေးရွာမှ ဒေသခံ ၄၂ယောက်မှာ အနီးအနားရှိ သင်းပုန်းတန်း ကျေးရွာသို့  ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

 " စားဝတ်နေရေးက အဓိက အခက်ခဲရှိတယ်။သူတို့က ဘာမှမပါဘူး။ လက်ချည်းပဲ လာကြတာ။ပြီးတော့ အိုးတွေခွက်တွေလည်း မရှိဘူး။ ခြုံဖို့ စောင်တွေလည်း လိုနေတယ်။ အနွေးထည်တွေလည်း မပါကြဘူး။ ချမ်းပြီးတော့ အခက်ခဲတွေရှိနေတယ်။" ဟု သင်းပုန်းတန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

 လက်ရှိတွင် ကြုံတွေ့နေရသည့် အခက်ခဲများကို သင်းပုန်းတန်းကျေးရွာမှ ဆန်၊ဆီများကို ကောက်ခံပြီး ကူညီပေးထားကြောင်းလည်း သိရသည်။

 " အခက်ခဲကတော့ ရှိတယ်။ ကျွန်တော်တို့မှာ ဘာမှပါမလာဘူး။ အိုးတွေခွက်တွေရော၊ စောင်တွေဘာတွေ မပါ ဘူး။ စားဝတ်နေရေးလည်း အခက်ခဲရှိတာပေါ့။ အခုတော့ ဒီက အုပ်ချုပ်ရေးမှူးက အဆင်ပြေအောင် ဖြစ်သလို စီစဉ်ပေးပါတယ်။" စစ်ရှောင်လာသူ ကိုသောကြာဦးက ပြောသည်။

 ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ဝန်းချောင်း ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးသံများကို မကြာ ခဏကြားရတာကြောင့် ကြောက်လန့်၍ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း သိရသည်။

 
" အရင်တုန်းက ကျွန်တော်တို့ ဒီဇင်ဘာ ၅ရက်လောက်က တိုက်ပွဲ ဖြစ်တယ်။အဲဒီတုန်းက နည်းနည်း ဝေးတယ်။ အသံတော့ကြားရတယ်။ ရွာအနီးနား ပတ်ဝန်းကျင်မဟုတ်ဘူး။ အခုကတော့ အနီးနားမှာ ဖြစ်တာ ဆိုတော့ လက်နက်ကြီးသံတွေကြားရတယ်။ ဒါကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြတာ။ " ဟု သင်းပုန်းတန်း ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

 ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် အိမ်ထောင်စု ၁ဝစုမှ ကလေးငယ်များအပါဝင်  အမျိုးသမီး ၃၂ဦး ၊ အမျိုးသား ၁၉ဦးတို့ပါဝင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly