တိုင်းရင်းသားလက်နက်ကိုင်တပ်များသည် တပ်မတော်နှင့်သာမက အချင်းချင်းလည်း ပဋိပက္ခရှိနေဟု ဆို

By ရွှေရည်
10 December 2018
တိုင်းရင်းသားလက်နက်ကိုင်တပ်များသည် တပ်မတော်နှင့်သာမက အချင်းချင်းလည်း ပဋိပက္ခရှိနေဟု ဆို

ဒီဇင်ဘာ ၁၀  ။                         ။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသာ တိုက်ခိုက်နေခြင်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းလည်း ပဋိပက္ခများ ဖြစ်ပွားနေကြောင်း ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း SWAN ၏ သတင်းအချက်အလက် စုဆောင်းရေးနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ နမ်းစမ်းအွန်က မဇ္စျိမကို ပြောသည်။

ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN သည်၂၀၁၈ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်ပြီး မီဒီယာများ၌ ဖော်ပြခဲ့သည်တို့ကို စာရင်း ကောက်ယူမှု ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်အပေါ် ထိုသို့ ပြောကြားလာခြင်း ဖြစ်သည်။

“ကျွန်မတို့က စမ်းကောက်ကြည့်တာပေါ့။ ကောက်ကြည့်တဲ့အချိန်မှာအရမ်းကိုမြင်တာပေါေ့နာ်။ ဒီအခုက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ မဟုတ်ဘဲနဲ့ လက်နက်ကိုင် အချင်းချင်းမှာလည်းပဋိပက္ခတွေ စစ်တိုက်တာတွေလည်း ရှိလာတာပေါ့နော်။ ပြီးတော့ များလည်းများလာတယ်။ အခုဖြစ်နေတာကြတော့ ရွာထဲမှာကို ဆက်တိုက်ဖြစ်နေတာပေါနော်။ ရွာထဲမှာကို target ထားပီးတော့ ရွာသူရွာသားတွေကို လာဖမ်းသွားတာ။ မသင်္ကာလို့ တခြားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့မှ ဖမ်းခေါ်သွားတာတို့။ အမျိုးသမီးလည်းဖမ်းခေါ်သွားတာတို့ အဲ့လိုမျိုးတွေလည်း ရှိတယ်လေ။” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ်ဘေးတစ်လျှောက်တွင် ပဋိပက္ခများ အများဆုံး ဖြစ်ပွားနေသည်ကို တွေ့ရှိရပြီး အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အို အများစုမှာ ပဋိပက္ခဒဏ်ကို ခံစားနေရသည်ဟု နမ်းစမ်းအွန်က ပြောသည်။

“ကျွန်မတို့တွေ့တဲ့ နေရာဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာဆိုရင် နမ့်စန် နမ့်မတူကွတ်ခိုင်ကနေ နမ့်ခမ်းမူဆယ် ကျွန်မတို့ ဒီနှစ်ထဲမှာပဲပေါ့နော်။ ၂၀၁၈ ထဲမှာ ကြည့်ရမယ်ဆိုလို့ရှိရင် အများဆုံးအဲဒီ့မှာဖြစ်နေတယ်။ ပြီးတော့ အဲဒီ့မှာကျွန်မတို့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကဆိုရင် အမျိုးသမီးတစ်ယောက်က အဖမ်းခံရတာပေါ့နော်။ ခေါ်သွားတာပေါ့နော်။ တစ်လကျော်လောက် ခေါ်သွားပီးတော့ ချုပ်ထားတာတို့ ဘာတို့ မျိုးဆိုလို့ရှိရင်လည်း အမျိုးသမီးအတွက် တကယ့်ကိုမလုံခြုံတဲ့ အခြေအနေတွေ ဖြစ်နေတယ်ပေါေ့နာ်။ နောက်ပီးတော့ မြေမြှုပ်မှိုင်းတွေကလည်း အရမ်းကိုဖြစ်နေတယ်ပေါ့နော်။ ပြီးတော့ ကလေးတွေက အရမ်းကိုထိခိုက်နေတယ်ပေါ့နော်။ ပီးတော့ အမျိုးသမီးတွေပေါ့နော်။ ဒါတွေကတော့ မြင်တွေ့နေရတာရှမ်းပြည်နယ် မြောက်ပိုင်းမှာ။” ဟု  ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း သတင်းအချက်အလက် စုဆောင်းရေးနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ နမ်းစမ်းအွန်က ပြောသည်။

ရှမ်းအမျိုးသမီးရေးရာဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN အနေဖြင့် ထိုတွေ့ရှိချက်များသည် ၂၀၁၈ ခုနှစ်အတွင်း မီဒီယာများတွင် ဖော်ပြခဲ့သည့် ရှမ်းပြည်နယ်အတွင်း ပဋိပက္ခသတင်းများကိုသာ စစ်တမ်း ကောက်ယူ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ဒုက္ခသည် စခန်းများသို့ သွားရောက်ကာ စစ်တမ်းကောက်ယူမှုများ ထပ်မံပြုလုပ်နိုင်ရန်လည်း စီစဉ်နေသည်ဟု ဆိုသည်။

ရှမ်းအမျိုးသမီးရေးရာဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN ကို ထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ် အတွင်း အခြေစိုက် လှုပ်ရှားဆောင်ရွက်နေကြသည့် ရှမ်းအမျိုးသမီးများက ၁၉၉၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly