အမှိုက်မှထွက်သော ရေဆိုးများကြောင့် ပတ်ဝန်းကျင်ရှိ လယ်မြေများ မထိခိုက်စေရန် ဆောင်ရွက်နေ

အမှိုက်မှထွက်သော ရေဆိုးများကြောင့် ပတ်ဝန်းကျင်ရှိ လယ်မြေများ မထိခိုက်စေရန် ဆောင်ရွက်နေ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဒီဇင်ဘာ ၁၀ ။         ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ကျောက်ကြမ်းတောင် အမှိုက်ကျင်းမှထွက်ရှိနေသည့် ရေဆိုး များကြောင့် အနီးပတ်ဝန်းကျင်ရှိ လယ်ယာမြေများ မပျက်စီးစေရန်နှင့်သဘာဝပတ်ဝန်းကျင် မထိခိုက် စေရန်အတွက် Leachate treatment plant အသေးတစ်ခုတည်ဆောက်လျက်ရှိသည်ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

"မိုးရွာရင် အမှိုက်ပုံထဲဖြတ်သန်းစိမ့်ဝင်ပြီးထွက်လာတဲ့ leachate အရည်တွေက ပတ်ဝန်းကျင်ညစ်ညမ်းမှု အများကြီးဖြစ်စေပါတယ်။များရင် ဘေးပတ်ဝန်းကျင်ကလယ်တွေပါပျက်စီးလို့ Leachate treatment plant အသေးတစ်ခုကို ဆောက်လုပ်နေပါပြီ။အမှိုက်ပုံအသစ်ကိုလည်း ပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ sanitary landfill ဖြစ်အောင်ကြိုးစားအားထုတ်နေပါတယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

ကျောက်ကြမ်းတောင် အမှိုက်ကျင်းသို့ မန္တလေးမြို့မှထွက်ရှိသည့်အမှိုက်များကို နေစဉ်စွန့်ပစ်လျက်ရှိပြီး မိုးရာသီတွင် မိုးရေများအမှိုက်ပုံအတွင်း ဖြတ်သန်းစိမ့်ဝင် စီးဆင်းခြင်းကြောင့် ပတ်ဝန်ကျင် ညစ်ညမ်း မှုများဖြစ်ပေါ်ပြီး လယ်ယာမြေအချို့ ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။ထိုသို့ မဖြစ်ပေါ်စေရန်အတွက် Leachate treatment plant အသေးတစ်ခုကို တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ တည်ဆောက်မှုများ ပြုလုပ်ဆောင်ရွက်မှုအခြေအနေများနှင့်ရှေ့ဆက်လုပ်ဆောင်ရမည့် အချက်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့်မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ သွားရောက် ကြည့်ရှုစစ်ဆေးမှုများကိုလည်း နိုဝင်ဘာလ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

"တစ်နေ့အမှိုက်တန်ချိန် ဘယ်လောက်ထွက်တယ်ဆိုတာ တိတိကျကျသိရအောင် ဆောက်ထားတဲ့ weighbridge နဲ့ အမှိုက်ချပြီး ယာဉ်ကိုယ်ထည်တွေ တာရှည်ခံဖို့ ရေဆေးခုံလုပ်ထားတာကိုလည်း စစ်ဆေးခဲ့ပါတယ်။အမှိုက်ကနေ သဘာဝဓါတ်ငွေ့၊ လျှပ်စစ်၊ လောင်စာတောင့်၊ သဘာဝမြေဩဇာ နဲ့ ပလပ်စတစ်မျိုးစုံကနေ ကော်စေ့ပြန်ထုတ်လို့ရတဲ့ နည်းစနစ်တွေ မလုပ်နိုင်သေးခင် စနစ်ဟောင်းကနေ စတင်ရုန်းထွက်တဲ့ အဆင့်ပါ။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

 
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် သဘာဝပတ်ဝန်ကျင် ထိခိုက်မှုကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ရန် အမြဲ ကြိုးစားဆောင်ရွက်လျှက်ရှိသည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required