စက်တပ်လှေငယ်များ ဆိုက်ကပ်ရပ်နားနိုင်ရန် ရေဆိပ်ဆင်း တံတား ၂ စင်း တည်ဆောက်

စက်တပ်လှေငယ်များ ဆိုက်ကပ်ရပ်နားနိုင်ရန် ရေဆိပ်ဆင်း တံတား ၂ စင်း တည်ဆောက်

မြိတ်၊ ဒီဇင်ဘာ ၁၀ ။          ။ မြိတ်ကျွန်းစုနှင့် မြို့ပေါ်ရှိ စက်တပ်လှေငယ်များ ဆိုက်ကပ် ရပ်နားနိုင်ရန် ရေဆိပ်ဆင်း တံတား ၂ စင်း ကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတား ၂ စင်းမှာ ထားဝယ်စုရပ်၊ မြိတ်ကမ်းနားလမ်း ရေဆိပ်ဆင်း ဆားတံတားနှင့် သာကေတရပ် သစ်ယာဝတံတားတို့ ဖြစ်သည်။

“ဆားတံတားကို အစိုးရဖွဲ့ ရန်ပုံငွေ ကျပ်သန်း (၁၅၀) နဲ့ တံတားအရှည် (၁၄၀) ပေ၊ အကျယ် (၃၀) ပေ၊ အမြင့် (၁၂) ပေဖြင့် လည်းကောင်း၊ သစ်ယာဝတံတားကို ရန်ပုံငွေ ကျပ်သန်း (၁၆၀) ဖြင့် တံတား အရှည် (၁၆၀) ပေ၊ အကျယ် (၃၀) ပေ၊ အမြင့် (၁၆) ပေဖြင့် လည်းကောင်း တည်ဆောက်လျက် ရှိကြောင်း၊ ၄င်းတံတား (၂) စင်းကို ထူးထူးတိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်းဦးစီး ဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကာ တံတား (၂) စင်းတွင် ယာဉ်ရပ်နားရန်နေရာ၊ ကွန်ကရစ် လျှောက်လမ်းနှင့် ခရီးသည်များ နားနေဆောင်များအပါအဝင် တည်ဆောက်သွားမည် ဖြစ်ပါတယ်”ဟု  လမ်းဦးစီးဌာနဦးစီးအရာရှိ ဦးသိန်းအောင်ထံမှ သိရသည်။

မြိတ်ကမ်းနားဆိပ်ကမ်း၌ သွားလာနေသော စက်တပ် သဗ္ဗန်လှေငယ် စီးရေ (၃၀၀) ခန့်ရှိပြီး နေ့စဉ် အများပြည်သူက လှေငယ်များဖြင့် ဆိပ်ငယ် ဗောတံတား၊ ပြည်တော်သာ ရေဆင်းတံတားနှင့် လက်ရှိ တည်ဆောက် နေသော ဆားတံတားနေရာ အနီး ကမ်းနားတွင် နေ့စဉ် သွားလာ အသုံးပြုလျက် ရှိသည်။

သစ်ယာဝတံတားနှင့် ဆားတံတားအနီး ကမ်းနားတွင် ကျွန်းရွာများမှ ခရီးသည် လှေငယ်များ၊ ငါးဖမ်း ပိုက်လှေငယ်များ၊ ကျွန်းရွာများမှ ကုန်ပစ္စည်းတင်/ချ လှေငယ်များ ဝင်ထွက် ဆိုက်ကပ်လျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly