မီးလောင်နေစဉ် ပိုက်ဆံထုပ်ရွှေ့ပေးသူ သူခိုးဟု စွပ်စွဲခံရ

မီးလောင်နေစဉ် ပိုက်ဆံထုပ်ရွှေ့ပေးသူ သူခိုးဟု စွပ်စွဲခံရ

မုံရွာ၊ ဒီဇင်ဘာ ၉ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက် အော်တိုဖုန်းရုံးအရှေ့ဘက် နယ်မြေ (၆) မကျီးကုန်းလမ်း၊ လမ်းသွယ် (၂) တွင် ဒီဇင်ဘာ ၈ ရက် ညနေအချိန်၌ မီးလောင်မှု ဖြစ်ပွားနေစဉ် အိမ်ပိုင်ရှင်မှ အကူအညီတောင်းသဖြင့် ဘီရို အတွင်းမှ ပိုက်ဆံထုပ် ရွှေ့ပေးခဲ့သူမှာ သူခိုးဟု စွပ်စွဲခံရ၍ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရသည်။

ထိုနေ့ညက နေအိမ် ၇ လုံး မီးလောင်မှုဖြစ်နေစဉ် မီးလောင်သည့် နေအိမ်များ အနီးကပ်ရှိ အိမ်ပိုင်ရှင်ဒေါ်ဝင်း၏ နေအိမ်အတွင်းမှ ၎င်း၏ အကူအညီတောင်းခံမှုအရ မုံရွာမြို့ မြဝတီရပ်နေ လူငယ်တစ်ဦးမှာ ဘီရိုအတွင်းရှိ ပိုက်ဆံထုပ်အား မီးလွတ်ရာသို့ ရွေ့ပေးနေစဉ် လာရောက် မီးငြိှမ်းသတ်သူတချို့မှ သူခိုးဟု စွပ်စွဲခဲ့ကြသည်။ ထို့နောက် စွပ်စွဲ ခံရသူကို မုံရွာနယ်မြေရဲစခန်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းခဲ့သည်။

" အဲ့ဒီကလေးကို အိမ်ထဲက ဘီရိုထဲက ပိုက်ဆံထုပ်တွေကို ကျွန်မသယ်ခိုင်းတာပါ။ ခြံဝင်းအပြင်ဘက်ကို အထွက်မခံပါဘူး ခြံဝမှာ ကျွန်မကိုယ်တိုင် စောင့်နေတာပါ။ ကျွန်မကိုယ် တိုင်ခိုင်းတာပါ "ဟု အိမ်ပိုင်ရှင် ဒေါ်ဝင်းမှ အတည်ပြုပေးခဲ့သည်။

နေအိမ်ပိုင်ရှင်၏ အတည်ပြုချက်ကြောင့် ထိုလူငယ်ကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထိုနေညက မီးလောင်မှုသည် လျှပ်စစ်ဟင်းချက်ဒယ်အိုးဖြင့် ကြက်ဥပြုတ်ရာမှ ရေခမ်းကာ အပူလွန်ကဲ၍ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် မီးကူးစက်လာကာ သွပ်မိုး၊ ထရံကာ ၂ ထပ်နေ နေအိမ် ၅ လုံး၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် ၂ လုံး စုစုပေါင်း လူနေအိမ် (၇)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly