တအာင်း လူမျိုးများရဲ့ နှစ်သစ်ကူးအောင်ပွဲ ရိုးရာပွဲတော်ကျင်းပ

တအာင်း လူမျိုးများရဲ့ နှစ်သစ်ကူးအောင်ပွဲ ရိုးရာပွဲတော်ကျင်းပ

ရန်ကုန်၊ဒီဇင်ဘာ ၈ ။           ။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ တအာင်း (ပလောင်) လူမျိုးတွေရဲ့ နှစ်သစ်ကူး ရိုးရာပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီဇင်ဘာလ ၈ရက်နေ့က ကျင်းပခဲ့ပါတယ်။

ပလောင်လို့ခေါ်ကြတဲ့  တအာင်းလူမျိုးထဲမှာမျိုးနွယ်စုဝင် ၁၄မျိုးရှိပြီး တအာင်းမျိုးနွယ်စုဝင်တွေ အားလုံးရဲ့ နှစ်သစ်ကူးပွဲတော်ကို နှစ်ဟောင်းကနှစ်သစ်ကို ကူးပြောင်းပြီး စိတ်သစ်လူသစ်နဲ့ ဓလေ့ရိုးရာပျော်ပွဲရွင်ပွဲ အဖြစ်နဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။

"   ကျွန်တော်တို့ရဲ့ ဒီနှစ်သစ်ကူးပွဲတော်မှာ နှစ်ဟောင်းက အဟောင်းအနွမ်းကို သန့်စင်ပြီး ကုသိုလ် ကောင်းမှုပြုပြီး နှစ်သစ်မှာစိတ်သစ်လူသစ် နှလုံးသားသစ်တွေနဲ့ရိုးရာ ဓလေ့အတိုင်း ကုသိုလ် ကောင်းမှု တွေပြုလုပ်ကြတယ်။ ပျော်ပွဲရွင်ပွဲတွေကိုလည်း ပြုလုပ်တာဖြစ်ပါတယ်။" လို့ တအာင်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး  ဦးစိုင်းအုန်းမောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ တအာင်းမျိုးနွယ်စုဝင်တွေဟာ ရှမ်းပြည်နယ် လာရှိုး၊နမ့်ဆန်မြို့တွေမှာ အများစုနေထိုင်ကြပါတယ်။ တအာင်းနှစ်သစ်ကူးအောင်ပွဲအဖြစ် စျေး ရောင်းပွဲတော်ကို  ဒီဇင်ဘာ ၈ရက်နေ့က ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာပြုလုပ်ခဲ့ပြီး တအာင်းရိုးရာအစားစာများ အသုံးဆောင်များကို ရောင်းချတဲ့အပြင် တအာင်း အဆိုတော်တွေ နဲ့ တခြားသော အနုပညာရှင်များကလည်း တေးဂီတ ဖျော်ဖြေမှုတွေကို မနက် ၁ဝနာရီကနေ ည ၁၁ နာရီအထိကျင်းပခဲ့ပါတယ်။

" ဒီနှစ်သစ်ကူးပွဲမှာ ကိုယ့်ရဲ့တိုင်းရင်းသားမျိုးနွယ်စုကိုလည်း တစ်စုတစ်စည်းတည်း ပြန်တွေ့ရတာလည်း ဖြစ်တယ်။ ပြီးတော့ ကိုယ့်ရဲ့တိုင်းရင်းသား ရိုးရာအစားစာတွေ လူတွေပိုသိလာအောင်လို့ ရောင်းချတာပါ။ " လို့ ရိုးရာအစားသောက် ရောင်းချသူ  မမိမိငယ်က  ဆိုပါတယ်။

အဲဒီပွဲကို လာရောက်သူအများစုဟာ တအာင်းမျိုးနွယ်စုဝင်တွေရဲ့ ချစ်စရာ ရိုးရာဝတ်စုံအမျိုးမျိုးကို ဝတ်ဆင် လာကြသလို ဒီပွဲကို  ရန်ကုန်မြို့မှာ ကျင်းပခဲ့တာ ၆ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

" ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုပွဲလည်း ဖြစ်တယ်။ပြီးတော့ တစ်နှစ်မှာ တစ်ခါကျရောက်တဲ့ နှစ်သစ်ကူးပွဲလည်း ဖြစ်တဲ့အပြင် ကိုယ့်ရဲ့ တိုင်းရင်းသားရိုးရာဝတ်စုံကိုလည်း ဝတ်ရတယ်လေ။ စျေးပွဲတော်မှာလည်း ရိုးရာအစား သောက် မုန့်တွေ ဝယ်စားချင်လို့ပါ။ " လို့ တအာင်းလူမျိုးတစ်ဦးဖြစ်တဲ့ မသီရိစံ က ပြောပါတယ်။

ဒါ့အပြင် ယခုနှစ်မှာကျရောက်တဲ့ တအာင်း လူမျိုးတွေရဲ့  နှစ်သစ်ကူးပွဲတော်ဟာ ၂၇၁၀ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly