NLD၏ အနာဂတ်မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရဖို့လို

NLD၏ အနာဂတ်မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရဖို့လို

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။           ။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ အနာဂတ်မျှော်မှန်းချက်များကို အကောင် အထည်ဖော်နိုင်ရန် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရန်လိုအပ်ကြောင်း NLD ပါတီဝင်လည်းဖြစ်သူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောဆိုလိုက်သည်။

NLD မြောက်ပိုင်းခရိုင်ရုံးတွင် ဒီဇင်ဘာ ၈ ရက်နေ့ကပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန် မြောက်ပိုင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီခဲ့ကြသော အလှူရှင်များကို ဂုဏ်ပြုသည့်ပွဲတွင် ဦးနိုင်ငံလင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တကယ့်ပြုပြင်ပြောင်းလဲရေးကိုလုပ်နိုင်သေးတာမဟုတ်ပါဘူး။ အဲ့တော့ တကယ်တော့ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့မျှော်မှန်းချက်နဲ့ ရည်ရွယ်ချက်ပေါ့နော်။ တကယ့်အနာဂတ်မျှော်မှန်းချက်တွေကို အကောင် အထည်ဖော်ဖို့ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲကိုနိုင်ဖို့လိုပါတယ်” ဟု ဦးနိုင်ငံလင်း ကဆိုသည်။

လက်ရှိအစိုးရအနေဖြင့် ယခုသက်တမ်း ၅ နှစ်အတွင်း ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်သည့်နေရာတွင် အဓိကအနေဖြင့် အောက်ခြေဖောင်ဒေးရှင်းတွေကိုပဲ ခိုင်မာအောင်လုပ်ဆောင်နေရကြောင်း ၄င်းကပြောသည်။ ထို့အပြင်၂၀၂၀ ရွေးကောက်ပွဲကို NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များကလည်း အလေးထားကြောင်း သိရ သည်။

ကျင်းပပြီးစီးပြီဖြစ်တဲ့ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၃ နေရာအနက် အာဏာရ ပါတီဖြစ်သော NLD ပါတီက ၇ နေရာအနိုင်ရခဲ့ပြီး အဓိကအတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးက ၃ နေရာ အနိုင်ရရှိခဲ့သည်။

အဆိုပါကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသ ၅ ခုအပြင် ယခင်က အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် တချို့တွင်ပါ NLD ပါတီ ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly