မိုဗစ်၏ အနာဂတ်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးထိ စောင့်ကြည့်သွားမည် ဟု ဦးဇော်ဇော် ဆို

မိုဗစ်၏ အနာဂတ်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးထိ စောင့်ကြည့်သွားမည် ဟု ဦးဇော်ဇော် ဆို
နယူးဇီလန်အသင်းနှင့် မြန်မာအသင်းတို့ ခြေစမ်းပွဲတွင် နည်းပြ အီဗရာမိုဗစ်အားတွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်၏ အနာဂတ်နှင့် ပတ်သက်၍ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးအထိ စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်သည် လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲကစားပြီးချိန်၌ တစ်ပွဲသရေ တစ်ပွဲနိုင် ရမှတ် တစ်မှတ်သာ ရရှိအောင် စွမ်းဆောင်နိုင်သေးသည့် အပြင် ကူဝိတ်အသင်းနှင့် ပွဲတွင် မြန်မာ့ဘောလုံးသမိုင်းတလျောက် အဆိုးဝါးဆုံးရလဒ်ဖြစ်သည့် ကိုးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ဝေဖန်မှုများခံနေရလျက်ရှိသည်။

လက်ရွေးစင်နည်းပြအေဗရာမိုဗစ်နှင့် ပတ်သက်၍ " သူ့ကို ကျွန်တော်တု့ိ အချိန်ပေးပါမယ်။ လက်ရှိခြေစစ်ပွဲ ရလဒ်တွေကို ကြည့်ပါမယ်။ အသင်းမကောင်းတာက ကစားသမားတွေရဲ့ အားနည်းချက်ကြောင့် လည်းပါပါတယ်။ သူက ကစားသမားတွေအကြောင်းလည်း ကောင်းကောင်းသိနေပါပြီ။ ရှုံးတဲ့အနေရာမှာ သူတစ်ယောက်ထဲကိုလည်း အပြစ်ပြောလို့တော့ မရပါဘူး။ ဒီကမ္ဘာ့ဖလားခြေစစ်ပွဲအားလုံး ပြီးသွား တဲ့အထိ သူ့ကို အချိန်ပေးပြီး စောင့်ကြည့်သွားမှာပါ။ ဆက်ရှိ မရှိဆိုတာကိုတော့ ဒီပွဲတွေ ပြီးမှပဲ ပြောလို့ရပါမယ် " ဟု ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ဆာဘီးယားလူမျိုး အေဗရာမိုဗစ်သည် ၂၀၁၄ ဖေဖော်ဝါရီတွင် လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း သူ့လက်ထက်တွင် လက်ရွေးစင်အသင်း ပွဲပေါင်း ၂၀ ပွဲ၌ ခြောက်ပွဲနိုင် လေးပွဲသရေ ဆယ်ပွဲရှုံး ရလဒ်သာ ရရှိထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (ဆ) တွင် တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအို အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စုတွင်း အဆင့် သုံးနှင့် လေးနေရာ ရရှိခဲ့ပါက အာရှဖလားခြေစစ်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly