ဒေါ်လာစျေး ကျဆင်းမှုကြောင့် နှမ်းနက်စျေးနှုန်းအပေါ် ဂယက်ရိုက်

ဒေါ်လာစျေး ကျဆင်းမှုကြောင့် နှမ်းနက်စျေးနှုန်းအပေါ် ဂယက်ရိုက်

မကွေး၊ဒီဇင်ဘာ ၈ ။            ။ ဒေါ်လာစျေးများကျဆင်းသဖြင့် မကွေးမြို့နယ်ရှိ ကုန်ထွက်သီးနှံဖြစ်သော နှမ်းနက်စျေးနှုန်းများအပေါ် ရိုက်ခတ် မှုများ ဖြစ်ပေါ်ခဲ့ပြီး နှမ်းနက်တစ်တင်းလျှင် ကျပ် ၁သောင်းခန့်ပြန်လည်ကျဆင်းလာကြောင်း မကွေးမြို့နယ် ကုန်သည်ကြီးများအသင်းမှ သိရသည်။

“ဒေါ်လာစျေးကျလာတော့ ပြည်ပပို့ကုန်ဖြစ်တဲ့ နှမ်းစျေးလည်း ထိတာပေါ့။ နှမ်းနက်က ပြည်တွင်းစားတာထက် အဓိကပြည်ပပို့ကုန်ဖြစ်တယ်၊ ပြီးခဲ့တဲ့ (၃)ပတ်လောက်က တစ်ဒေါ်လာကို ၁၅၉၅ကျပ်နဲ့ လဲရတယ်။အခု တစ် ဒေါ်လာ ၁၅ဝဝကျပ်လောက်အထိပဲ လဲရတာဆိုတော့ နှမ်းနက်စျေးလည်းကျသွားတာပေါ့” ဟု မကွေး မြို့နယ်ကုန်သည်ကြီးများအသင်းမှ ဦးဖိုးနီကဆိုသည်။

အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၆ဝဝကျော်ရှိခဲ့ချိန်က နှမ်းနက်တစ်တင်းလျှင် ကျပ်ငွေ ၉၃၀၀၀ ထိရှိခဲ့ပြီး ယခုအချိန်တွင် ဒေါ်လာစျေး ၁၅၀၀ ကျပ်ခန့်စျေးပြန်လည်ကျဆင်းလာသဖြင့် နှမ်းနက်တစ်တင်းလျှင် ကျပ်ငွေ ၈ သောင်းဝန်းကျင်ခန့်သာ အရောင်းအဝယ်ရှိကြောင်း မကွေးမြို့နယ်ကုန်သည်ကြီးများအသင်းမှ သိရသည်။

“နှမ်းစျေးကွက်က ဒေါ်လာစျေးအပေါ်မူတည်ပြီး အတက်အကျဖြစ်နေတာ။ ဒီနှစ်က အမြင့်ဆုံးဖြစ်ဖူးတာ။ အရင်နှစ်တွေက ဒီလိုစျေးနှုန်းမျိုးတစ်ခါမှ မဖြစ်ဖူးဘူး"ဟု မကွေးမြို့နယ်ကုန်သည်ကြီးများအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးမင်းမင်းအောင်က ဆိုသည်။

ယခင်က နှမ်းနက်တစ်တင်းလျှင် အမြင့်ဆုံးစျေးနှုန်း ၇ သောင်းကျော်သာဖြစ်ခဲ့ဖူးပြီး ယခုကဲသို့ ၉ သောင်းကျော်အထိမြင့်တက်လာခြင်းမှာ ၇ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း မကွေးမြို့နယ်ကုန်သည်ကြီးများအသင်းထံမှ သိရသည်။

“ဒေါ်လာစျေးကျလို့ နှမ်းစျေးကျတယ်ဆိုတော့ အကြွေးကင်းတဲ့ တောင်သူတစ်ချို့က စျေးကောင်းရနိးနိးနဲ့ နှမ်းတွေသိမ်းထားတာရှိတယ်။ အခုလို စျေးတွေကျလာတော့ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့ တောင်သူတွေခံစားနေရတာက စိုက်ပျိုးချိန်ဆို နှမ်းစျေးတက်တယ်။ နှမ်းပေါ်တဲ့အချိန်ဆို စျေးကကျတယ်။

အဲ့ဒီအတွက် တောင်သူတွေအနေနဲ့ စိုက်ပျိုးသီးနှံနဲ့ပတ်သက်ပြီး စျေးနှုန်းတည်တည်ငြိမ်ငြိမ်ဖြစ်စေချင်တယ်။ ဒီနှစ်ရာသီဥတုမကောင်းတော့ နှမ်းထွက်နှုန်းက အရင်နှစ်တွေထက် ထက်ဝက်လောက်ဘဲရကြပါတယ်”ဟု မကွေးမြို့နယ် မကြီးကန်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးသောင်းဌေးက ပြောသည်။

မကွေးတိုင်းအတွင်းမှ ထွက်ရှိသော နှမ်းမျိုးစုံကို တရုတ်မှ အများဆုံးဝယ်ယူလေ့ရှိပြီး  ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံတို့မှဝယ်ယူကြောင်း နှမ်းနက်များကိုမူ  ဂျပန်နိင်ငံမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly