မန္တလေးတိုင်းအစိုးရအဖွဲ့ကို အတုယူသင့်သည်ဟု ရန်ကုန်လူမှုရေးဝန်ကြီး ဆို

မန္တလေးတိုင်းအစိုးရအဖွဲ့ကို အတုယူသင့်သည်ဟု ရန်ကုန်လူမှုရေးဝန်ကြီး ဆို
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။                         ။ ရန်ကုန်တိုင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညီညွှတ်မှုကိုအတုယူလုပ်ဆောင်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်အလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးကူညီခဲ့ကြသည့်အလှူရှင်များကို ဂုဏ်ပြုသည့်ပွဲအား NLD မြောက်ပိုင်းခရိုင်ရုံးတွင် ဒီဇင်ဘာ ၈ ရက်နေ့ကပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ဦးနိုင်ငံလင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ မန္တလေးကိုကျွန်တော်တို့က တစ်ခါတလေကျရင် အတုယူ ဖို့လိုတယ်လို့ပြောချင်တယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ်ကြီးနဲ့ သူတို့အစိုးရအဖွဲ့နဲ့လွှတ်တော်ကိုယ်စားလှယ်နဲ့ညီညီညွှတ်ညွှတ် လုပ်တဲ့ပုံစံမျိုးကို ကျွန်တော် တို့တတွေအတုယူကြရမယ်။ ဒါမှပဲ ကျွန်တော်တို့ အလွန်အမင်းကျယ်ပြန့်ပြီး လုပ်စရာတွေအလွန်များတဲ့ စီမံ ခန့်ခွဲမှုအများကြီးလိုအပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးကို ကောင်းကောင်းမွန်မွန် ကျွန်တော်တို့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”  ဟု ဦးနိုင်ငံလင်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အများကြီးလုပ်စရာလိုနေသေးသော်လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် သိသာသောအပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကိုတွေ့ရကြောင်းလည်း ၄င်းကဆိုသည်။

“ ဆင်ခြေပေးတာတော့မဟုတ်ဘူး။ ရန်ကုန်ကျတော့လုပ်ရမယ့်အလုပ်ဟာ အရမ်းများလွန်းတယ်လေ။ လုပ်ရမယ့် နယ်ပယ်လည်းများတယ်။ နယ်ပယ်လည်းများတဲ့အတွက် စုစုစည်းစည်းနဲ့ အောင်မြင်မှုကို ဖန်တီး နိုင်တဲ့အခြေအနေက အရမ်းအားနည်းတယ်။ ဟိုမှာကျတော့ လမ်းဖောက်မယ်ဆိုရင် လမ်းပဲအားလုံးလုပ်လိုက် ပြီးပြီ” ဟု ဦးနိုင်ငံလင်းက ဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် လုပ်ဆောင်နေမှုများစွာရှိသော်လည်း ပြည်သူများကို ချက်ချင်း အကျိုးပြုနိုင်သည့်ကိစ္စရပ်များရှိသကဲ့သို့ ချက်ချင်းအကျိုးမပြုနိုင်သေးသည့်ကိစ္စရပ်များလည်းရှိကြောင်း အဆိုပါပွဲမှသိရသည်။

ရန်ကုန်မြို့သည် မန္တလေးမြို့ထက် လူဦးရေအပြင် မြို့ဧရိယာပါ ကျယ်ဝန်းသောကြောင့် မြို့တော်သန့်ရှင်း သာယာရေးကို ဆောင်ရွက်ရသည်မှာ အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေသော်လည်း အရှိန်မလျှော့ဘဲ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားထားသည်။

မန္တလေးမြို့တွင် လူဦးရေ ၁သန်းကျော်သာ ရှိသော်လည်း လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် ရန်ကုန်တွင် လူဦးရေ ၇ သန်းကျော် ရှိခြင်းလည်းဖြစ်သည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly