ကျွန်းစု၌ မူးယစ်ဆေးဝါးနှင့်အတူ ကျည်ဆန် ၁၀ တောင့်ပါ ဖမ်းဆီးရမိ

ကျွန်းစု၌ မူးယစ်ဆေးဝါးနှင့်အတူ ကျည်ဆန် ၁၀ တောင့်ပါ ဖမ်းဆီးရမိ

ကျွန်းစု၊ ဒီဇင်ဘာလ ၈ ။       ။ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၌ ဒီဇင်ဘာလ ၇ ရက်နေ့ ၊ နံနက် ၈ နာရီခွဲအချိန်တွင် အမျိုးသား ၁ ဦးထံမှ မူးယစ်ဆေးဝါးနှင့်အတူ ကျည်ဆန် ၁၀ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရပ်ကွက်အတွင်း ဆဲဆိုသောင်းကျန်းမှုကြောင့် ဖမ်းဆီးရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

" ရပ်ကွက်ထဲမှာ လူကြီးတွေကို အော်ဟစ်ဆဲဆို သောင်းကျန်းလို့ လိုက်လံဖမ်းဆီးရာမှ သူ့လွယ်အိတ်ထဲမှာ မူးယစ်ဆေးတွေကို စတွေ့ပါတယ်။ သက်ဆိုင်ရာအဖွဲ့တွေနဲ့ အိမ်မှာ ဖမ်းဝရမ်းနဲ့ သွားရှာတော့ ထပ်ပြီး မူးယစ်ဆေးနဲ့အတူ ကျည်ဆန်တွေကို တွေ့ရှိတယ်”ဟု အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးက ပြောသည်။

ဘိန်းစာမှုန့် အထုပ် ၁ ထုပ်၊ ကျည်ဆန် ၁၀ တောင့်နှင့်အတူ ဓားရှည် ၁ လက်နှင့်ပါထပ်မံတွေ့ရှိရသော ဖမ်းဆီးခံရသူ သန်းထိုက်စိုးကို ကျွန်းစုမြို့နယ်ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

" သူ့ကိုတော့ အခု စခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်”ဟု ကျွန်းစုမြို့မရဲစန်းရုံးမှ စခန်းမှူး ညွန့်ဝင်းက ပြောသည်။

လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)၊ ပုဒ်မ ၂၂ (ခ) ဖြင့် အမှုဖွင့် အရေးယူထားသည်။ 

မူးယစ်ဥပဒေ ပုဒ်မ ၁၆ အရ ထာင်ဒဏ်အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပုဒ်မခွဲ(ဂ) အရ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့ ပါဝင်သည်။ 

ပုဒ်မ ၂၂ ပုဒ်မခွဲ(ခ)အရ လက်နက် သို့မဟုတ် ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများကို ကိုင်တွယ်အသုံးပြု၍ ကျူးလွန်ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly