မူးယစ်လက်ကြီးသမားများ ဖမ်းမိရေး သမ္မတရုံးမှ လက်လျှော့သွားမည်မဟုတ်

မူးယစ်လက်ကြီးသမားများ ဖမ်းမိရေး သမ္မတရုံးမှ လက်လျှော့သွားမည်မဟုတ်
Photo: Min Min

နေပြည်တော်၊ ဒီဇင်ဘာ ၈ ။     ။ နိုင်ငံတော်သမ္မတရုံးမှ ဖွင့်လှစ်ထားသော မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာန အနေဖြင့် လက်ကြီးသမားများကို ဖမ်းမိရေးအတွက် လက်လျှော့သွားမည်မဟုတ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းတိုက်ဖျက်ရေးအတွက် အကျိုးထူးဖြစ်စေမယ်ဆိုတဲ့အချက်နဲ့ ပြည်သူလူထု ပိုမိုပါဝင်လာဖို့ မျှော်လင့်တယ်။အဲဒီအပေါ်မှာ ကျွန်တော်တို့ပြောချင်တာကတော့ ဒီချိန်ထိတော့ လက်ကြီးသမားတွေ ကြီးကြီးမားမားတွေတော့ မရသေးဘူး။ သို့သော် အဲဒါကိုလည်း ကျွန်တော်တို့က ဒီအတွက်လည်းအားတော့မလျှော့ဘူး။ ဆက်ပြီးမျှော်လင့်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။ 

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည့် မီဒီယာများနှင့် နှစ်ပတ်တစ်ကြိမ် တွေ့ဆုံသည့် ရှင်းလင်းပွဲတွင် ၄င်းကပြောခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးသတင်းပေးတိုင်ကြားသူများကို သမ္မတ အပါအဝင် သုံးဦးသာ သိရှိပြီး ပြည်ထဲရေးသို့ ဖမ်းဆီးရမည့် နေရာများကို တိုက်ရိုက်ညွှန်ကြားကာ ဖမ်းဆီးခိုင်းသည့်အတွက် တိုင်ကြားသူကို ပြည်ထဲရေးတောင်မှ သိရှိရမည် မဟုတ်ကြောင်းကို ဦးဇော်ဌေးက ယခင်သတင်းစာရှင်းလင်းပွဲများတွင် ပြောဆိုထားသည်။

လက်ကြီးသမားများကို ဖမ်းဆီးရမိရေးအတွက် တိုင်ကြားသူများကို အပြည့်အဝကာကွယ်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရာတွင် ပါဝင်သူများ၊ တိုင်ကြားသူနှင့် နိုင်ငံတော်အပါအဝင် ထိုသူများထံမှ ရရှိမည့် တရားမဝင် ပိုင်ဆိုင်မှုများကို တရားရုံးမှ စီရင်ချက် ချပြီးပါက အချိုးကျခွဲဝေရန်အတွက် အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

“တရားရုံးမှာ ရုံးတင်တဲ့အချိန်မှာ မူးယစ်ဆေးဝါးခကူးသန်းရောင်းဝယ်သူတွေရဲ့ ငွေမည်းနဲ့ရတဲ့ပိုင်ဆိုင်မှု စသဖြင့် ဒါမျိုးတွေကို ကျွန်တော်တို့က ထိလို့၊ တို့လို့ မရဘူး။ တရားရုံးက စီရင်ချက်တွေပြီးသွားပြီ၊တရားရုံး ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ ဒီဟာက နိုင်ငံပိုင် ဖြစ်သွားပြီ။ဖြစ်သွားတဲ့ဟာတွေ အပေါ်မှာ ပြန်ပြီးတော့ အချိုးကျခွဲဝေတဲ့ဟာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့က အမြန်ဆုံးပေးနိုင်ဖို့ လုပ်နေတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် နိုဝင်ဘာ ၁၇ ရက်နေ့အထိ မူးယစ်ဆေးဝါးအထူးတိုင်ကြားရေးဌာနသို့ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများအနက် အမှုပေါင်း ၃၈၉ မှု ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွင့်လှစ်အရေးယူထားနိုင်ခဲ့ပြီး တရားခံ ကျား (၅၀၉) ဦး၊ မ(၉၅) ဦး စုစုပေါင်း (၆၀၄)ဦး ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly