မြောက်ကိုရီးယားခေါင်းဆောင် အလည်အပတ်လာရောက်ဖြစ်မှာကို ဆိုးလ်မှာ ဆန့်ကျင်ဆန္ဒပြ

မြောက်ကိုရီးယားခေါင်းဆောင် အလည်အပတ်လာရောက်ဖြစ်မှာကို ဆိုးလ်မှာ ဆန့်ကျင်ဆန္ဒပြ

ဆိုးလ်၊ ဒီဇင်ဘာ ၁၇ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က တောင်ကိုရီးယားနိုင်ငံဆီ လာရောက််ဖြစ်မှာကို တောင်ကိုရီးယား ကွန်ဆာဗေးတစ် အုပ်စုအဖွဲ့ဝင်တွေက ဆိုးလ်မြို့လယ်မှာ သောကြာနေ့က ကန့်ကွက်ဆန္ဒပြကြပါတယ်။

နိုင်ငံဆီကို မြောက်ကိုရီးယားခေါင်းဆောင်ကို လာခွင့်မပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ရင်း ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ၎င်းတို့ အမျက်ဒေါသကို ထုတ်ဖော်ပြသတဲ့အနေနဲ့ ကင်ဂျုံးအွန်ရဲ့ ဓာတ်ပုံတွေနဲ့ မြောက်ကိုရီးယားအလံတွေကိုလည်း ဆုတ်ဖြဲပစ်ကြတယ်လို့ အီးပီအေသတင်းထောက်က သတင်းပေးပို့ပါတယ်။

Taehukgi Revolution လို့ ခေါ်ဆိုတဲ့ အမျိုးသားရေးအုပ်စုက ကြီးမှူးကျင်းပတဲ့ ဒီဆန္ဒပြသမှုမှာ တက်ရောက်ပါဝင်သူ ၅၀ နီးပါး ရှိပါတယ်။

ကင်ဂျုံးအွန်အနေနဲ့ ၂၀၁၀ ခုနှစ်တုန်းက တောင်ကိုရီးယားကို တိုက်ခိုက်ခဲ့လို့ လူ ၅၀ ခန့် သေဆုံးခဲ့ရတာကို ပြန်လည်တောင်းပန်သင့်တယ်လို့ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားတွေ တောင်းဆိုနေတဲ့ အတောအတွင်းမှာပဲ ခု ဆန္ဒပြသမှု ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ စတုတ္ထအကြိမ်မြောက် ထိပ်သီးစည်းဝေးဖို့ ခုနှစ် မကုန်ခင် ကင်ဂျုံးအွန်ဟာ ဆိုးလ်ကို လာရောက်နိုင်ခြေရှိတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဘိုက်တေးဟွန်းက တနင်္လာနေ့က ပြောထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly