ကုန်စုံဆိုင်အတွင်း ရွှေထည်ပစ္စည်းများ ဝင်ခိုးသွားသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးနေ

ကုန်စုံဆိုင်အတွင်း ရွှေထည်ပစ္စည်းများ ဝင်ခိုးသွားသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးနေ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၇ ။         ။ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်ရှိ ကုန်စုံဆိုင်အတွင်းမှ ရွှေထည်ပစ္စည်းများ ဝင်ရောက်ခိုးခဲ့သူ အသက် ၃ဝ အရွယ် အမျိုးသမီးအား လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သူမှာ ဒလမြို့နယ်၊ ဆာပါချောင်းရပ်ကွက်နေ အသက် ၃ဝ အရွယ် ခင်သန္တာ (ခ) ခင်လေး ဆိုသူဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်ရှိ ကုန်စုံဆိုင် ပိုင်ရှင်အမျိုးသားနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ နှစ်ဦးမှာ ဆိုင်တွင် တူမဖြစ်သူအား အစောင့်ထားခဲ့ပြီး အပေါ့သွားနေစဉ် အမျိုးသမီးတစ်ဦးသည်ဆိုင်သို့ ရောက်ရှိလာကြောင်း ရဲထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ အမျိုးသမီးက အစ်မရှိလားဟုမေးပြီး ပေါင်တွင်ပလပ်စတစ်ကပ်ချင်ကြောင်း ပြောဆိုကာ အိမ်ထဲ သို့ဝင်သွားပြီး  ပြန်ထွက်သွားသည်ဟု တူမဖြစ်သူ ပြောပြသဖြင့် ဆိုင်ရှင်အမျိုးသမီးက အိမ်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ အိပ်ရာခေါင်းရင်းအောက်တွင် ထားသည့် ရွှေဆွဲကြိုး ၁ ကုံး၊ လော့ကက်သီး ၁ ခုနှင့် ငွေကျပ် ၂ သိန်းတို့မှာ  ပျောက်ဆုံးနေသဖြင့် သာကေတမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေဖြင့် ယခင်က ယင်းပြစ်မှုမျိုးကျူးလွန်တတ်သူများကို မှတ်တမ်းဖြင့် စုံစမ်းခဲ့ရာ ဒီဇင်ဘာလ ၃ ရက်နေ့၊ ည ၁ဝ၊ ၄၅ မိနစ်ခန့်အချိန်တွင် ဒလမြို့နယ်၊ ဆာပါချောင်းရပ်ကွက်တွင်နေထိုင်သော အသက် ၃ဝ အရွယ်ရှိသည့် ခင်သန္တာ (ခ)ခင်လေးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် တွင် ပါရှိသည်။

ဖမ်းဆီးရမိခဲ့သည့် ခင်သန္တာ (ခ)ခင်လေးကို ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ ပြီး ၎င်းထံမှ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းခဲ့ကာ လက်ရှိတွင် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly